စပိန်လာလီဂါ ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဗလင်စီယာအသင်းကတော့ ဒီနှစ်ဘောလုံးရာသီအတွင်း အသင်းရဲ့ဘဏ္ဍာရေးအခြေအနေတွေ ကျပ်တည်းနေမှုတွေကြောင့် အသင်းရဲ့နာမည်ကျော် ကစားသမားတချို့ကို ရောင်းချခဲ့လိုက်ရသလို အားဖြည့်တင်းမှုတွေကိုလည်း အနည်းငယ်သာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီလို အပြောင်းအလဲတွေကြောင့် ဗလင်စီယာအသင်းဟာ ဒီရာသီမှာ ရုန်းကန်မှုတွေ ရှိနေရပြီး ဒီအခြေအနေတွေကို ထိန်းကျောင်းနိုင်ဖို့အတွက် ဟွမ်မာတာလို အတွေ့အကြုံရင့် ကစားသမားတစ်ယောက်ကို ခေါ်ယူအားဖြည့်သွားဖို့ ပြင်ဆင်လျက်ရှိနေပါတယ်။

Photo Credit : AS English

အသက်(၃၂)နှစ်အရွှယ်ရှိ စပိန်လက်ရွေးစင်ဟောင်း ကွင်းလယ်ကစားသမား ဟွမ်မာတာဟာ အင်္ဂလန်မြေကို ခြေမချခင်တုန်းက ဗလင်စီယာအသင်းမှာ (၄)နှစ်ကြာလောက် ပါဝင်ကစားခဲ့သူလည်းဖြစ်ပါတယ်။ မာတာက ၂၀၁၁ခုနှစ်မှာ ဗလင်စီယာကနေ ချယ်လ်ဆီးအသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အင်္ဂလန်မြေမှာ (၉)နှစ်ကျော်ကြာလောက် ပါဝင်ကစားပြီးတဲ့နောက် လက်ရှိသူရဲ့အသင်းဖြစ်တဲ့ ယူနိုက်တက်မှာလည်း ပုံမှန်နေရာရဖို့က ရုန်းကန်နေရတဲ့အပြင် ဒီနှစ်ဘောလုံးရာသီအကုန်မှာပဲ အသင်းနဲ့က စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာလည်းဖြစ်ပါတယ်။

Photo Credit : Goal

ဒီလို အသင်းနဲ့ လက်တွဲဖြုတ်ရဖို့ နီးစပ်နေပြီဖြစ်တဲ့ မာတာကို သူရဲ့အသင်းဟောင်းဖြစ်တဲ့ ဗလင်စီယာကနေ ပစ်မှတ်ထားလျက်ရှိနေပြီး တခြားသော လာလီဂါကလပ်အသင်းတွေကလည်း မာတာကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားမှုတွေ ရှိနေကြပါတယ်။ တကယ်တော့ မာတာဟာ မနှစ်ကဘောလုံးရာသီအကုန်မှာပဲ အသင်းနဲ့ သက်တမ်းကုန်ခဲ့တာဖြစ်လို့ သူ့ကို စပိန်ကလပ်အသင်းတွေကနေ ကမ်းလှမ်းခဲ့ကြပေမယ့်လည်း ယူနိုက်တက်ဘက်ကနေ မာတာကို တစ်ရာသီထပ်မံစာချုပ်တိုးခဲ့တာကြောင့် အသင်းမှာ ဒီတစ်ရာသီ ဆက်လက်ရှိခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် မာတာဟာ ဒီရာသီမှာတော့ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း တစ်ပွဲမှကို ပါဝင်ကစားထားရခြင်းမရှိသလိုပဲ ပြိုင်ပွဲစုံမှာလည်း (၁၀)ပွဲသာ ပါဝင်ခဲ့ရတာကြောင့် ဒီလိုအခြေအနေကို ကစားသမားကိုယ်တိုင်ကလည်း မနှစ်သက်တော့ပဲ ရာသီအကုန်မှာ လမ်းခွဲဖို့ နီးစပ်နေတာဖြစ်ပါတယ်။ ယူနိုက်တက်ဘက်ကနေလည်း မာတာကို ထပ်မံသက်တမ်းတိုးဖို့ ဆန္ဒမရှိတော့တဲ့ အနေအထားဖြစ်လို့ ဗလင်စီယာဘက်ကနေ မာတာကို အသင်းဆီ ပြန်လည်ခေါ်ယူနိုင်ရေးအတွက် အမှန်အကန် ကြိုးပမ်းလာမှာဖြစ်ပြီး မာတာကလည်း တခြားသော အသင်းတွေထက် သူရဲ့အသင်းဟောင်းဖြစ်ခဲ့တဲ့ ဗလင်စီယာအသင်းကိုပဲ ရွေးချယ်သွားဖို့ အခြေအနေများလို့နေပါတယ်။