ဒီနှစ်ဘောလုံးရာသီ စပိန်လာလီဂါဘောလုံးပြိုင်ပွဲမှာ အိမ်ကွင်းရှုံးပွဲမရှိသေးတဲ့ အသင်းအရေအတွက် ၃သင်းသာရှိတော့ပြီး ဒီအသင်းတွေထဲမှာ ဘာစီလိုနာ ရီးရဲလ်မက်ဒရစ်တွေနဲ့အတူ ပါဝင်လို့နေတဲ့ ဗလင်စီယာအသင်းကတော့ ဒီနေ့ညမှာ အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ လာလီဂါပွဲစဉ်(၂၄)ကို မက်စ်တဲလားကွင်းမှာ ဧည့်ခံကစားသွားခဲ့ပြီး တစ်ဖက်ကို ၂ဂိုးစီ သရေကျခဲ့ကာ အိမ်ကွင်းရှံးပွဲမရှိသေးတဲ့စံချိန်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။

Photo Credit : Getty Images

အိမ်ရှင်ဗလင်စီယာအသင်းက ၄-၄-၂ ကစားကွက်နဲ့အတူ ဂွီဒက်စ် ဂိုးမက်ဇ် ကွန်ဒေါ့ဘီယာ ပါရယ်ဂျို တောရက်စ် ဆိုလယ် ဂါယာ မန်ဂါလာ ဂေဘရီယယ် ဝက်စ် ဒိုမီနစ်ရှ်တို့ကို အသုံးပြုလာခဲ့သလို ဧည့်သည်အသက်လက်တီကိုဘက်မှာလည်း ဗွီတိုလို ကော်ရီရာ ပါတေး လော်ရန်တေး ကိုကီ ဆာအူး လိုဒစ် ဖီးလစ် ဆာဗစ် အာရီယက်စ် အိုဘလက်တို့ ပါဝင်လာခဲ့ပါတယ်။ ပထမပိုင်းအတွင်းမှာ အသင်းနှစ်သင်းပေါင်း ဂိုးပေါက်တည့်ကန်ချက် ၃ကြိမ်သာရှိခဲ့သလို အဲ့ဒီ၃ကြိမ်လုံးကနေ သွင်းဂိုး၃ဂိုးရရှိခဲ့ပါတယ်။ ပွဲအစ ၁၅မိနစ်မှာ ဧရိယာအတွင်း လွတ်လွတ်ကျွတ်ကျွတ်ကြီး အခွင့်အရေးရခဲ့တဲ့ လော်ရန်တေးက အသက်လက်တီကိုအတွက် အဖွင့်ဂိုးကို စတင်သွင်းယူခဲ့ပြီး ၃၉မိနစ်မှာ ဗလင်စီယာတို့ ပြန်လည်ချေပခဲ့ပေမယ့်လည်း Foul ဖြစ်နေခဲ့လို့ ပယ်ဖျက်ခဲ့ပါတယ်။ ဒါပေမယ့် ၁မိနစ်အကြာမှာပဲ နောက်ခံလူ ဂေဘရီယယ်က ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ပထမပိုင်းပြီးခါနီး ၄၃မိနစ်မှာတော့ ကွင်းလယ်လူပါတေးက တစ်ကိုယ်တော်ထိုးဖောက်မှုကနေ အသက်လက်တီကိုအတွက် ပြန်လည်ဦးဆောင်စေမယ့် သွင်းဂိုးကို ရယူပေးခဲ့ပါတယ်။

Photo Credit : Getty Images

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာ အိမ်ရှင်တို့ ထိုးဖောက်မှုတွေကို ဆက်တိုက်မြင်တွေ့လာခဲ့ရပြီး ၅၉မိနစ်မှာတော့ ကွင်းလယ်နားလောက်ကနေ ကန်တင်ပေးလိုက်တဲ့ ပြစ်ဒဏ်ဘောကနေတစ်ဆင့် ကွန်ဒေါ့ဘီယာက ဟန်ချက်ပျက်ထိချက်နဲ့ ဂိုးဝင်သွားစေခဲ့ပြီး အသက်လက်တီကိုဂိုးသမား အော့ဘလက်လည်း မကာကွယ်နိုင်ခဲ့ပါဘူး။ အသင်းနှစ်သင်းက ဒုတိယပိုင်းလည်း ဂိုးပေါက်ခြိမ်းခြောက်မှုတွေ များများစားစား မလုပ်ဆောင်နိုင်ခဲ့ပဲ ပွဲပြီးခါနီး အပြန်အလှန်ရရှိခဲ့ကြတဲ့ ဂိုးပေါက်ကန်ချက်တွေကို နှစ်သင်းလုံးရဲ့ဂိုးသမားတွေ လက်စွမ်းပြကာကွယ်ခဲ့ကာ သရေပွဲဆီကိုပဲ ဦးတည်သွားခဲ့ရပါတယ်။