မနေ့ကမှ ပြန်လည်စတင်လိုက်ပြီဖြစ်တဲ့ စပိန်လာလီဂါပွဲစဉ်တွေကို သောကြာနေ့ညမှာလည်း ဆက်လက်ယှဉ်ပြိုင်ခဲ့ပြီး ည(၂)နာရီခွဲအချိန်မှာတော့ လာလီဂါပွဲစဉ်(၂၈)အဖြစ် ဗလင်စီယာအသင်းနဲ့ လီဗန်တေးအသင်းတို့က ဗလင်စီယာဒါဘီပွဲစဉ်ကို အကြိတ်အနယ်ဆင်နွဲခဲ့ကြပြီး တစ်ဖက်ကိုတစ်ဂိုးစီနဲ့ သရေကျသွားခဲ့ရပါတယ်။

Photo Credit : Getty Image

အိမ်ရှင်ဗလင်စီယာအသင်းကတော့ မက်စီဂိုးမက်ဇ် ရိုဒရီဂို ဂွီဒက်စ် ကိုကွီလင် ပါရာဂျို ဆိုလာ ဂါရာ ဟိုဂို ဒီယာခါဘီ ဖလော်ရန်ဇီ ဆီလက်ဆန်တို့နဲ့ ပွဲထွက်လာခဲ့သလို ဧည့်သည်လီဗန်တေးကလည်း မိုရာလက်စ် ရော်ဂျာမာတီတို့ တိုက်စစ်မှာ ဦးဆောင်လာခဲ့ပါတယ်။ ဗလင်စီယာမြို့ခံနှစ်သင်း ထိပ်တိုက်တွေ့ဆုံတဲ့ပွဲဖြစ်လို့ အတော်လေးကို စိတ်လှုပ်ရှားစရာကောင်းခဲ့ပြီး ပထမပိုင်း ပွဲကစားချိန်အတွင်း ဆိုလာရဲ့ကောင်းမွန်လှတဲ့ကန်ချက် တိုင်ထိထွက်ခဲ့လို့ အိမ်ရှင်ဗလင်စီယာတို့ နစ်နာခဲ့ရပါတယ်။ ပထမပိုင်း (၄၅)မိနစ်အတွင်းမှာ နှစ်သင်းလုံး ခြေရည်တူကစားနိုင်ခဲ့ပြီး ဂိုးမရှိသရေနဲ့ပဲ အဆုံးသတ်ခဲ့ရပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ ဗလင်စီယာတို့ တိုက်စစ်မှာ ခြေမပေါ်တဲ့ ဂိုးမက်ဇ်နေရာ ဂွာမဲလ်ရိုးကို ထည့်သွင်းလာခဲ့သလို ကားလို့စ်ဆိုလာနေရာမှာလည်း ဖာရန်တောရက်စ် ဝင်ရောက်ကစားလာခဲ့ပါတယ်။ လီဗန်တေးကလည်း ဒုတိယပိုင်းမှာပါ အိမ်ရှင်အသင်းကို အကောင်းဆုံးတုန့်ပြန်ကစားနိုင်ခဲ့ပေမယ့် အသင်းရဲ့ အဓိကတိုက်စစ်မှူး ရော်ဂျာမာတီ (၂)ဝါ(၁)နီနဲ့ အထုတ်ပယ်ခံလိုက်ရတာမို့ ကစားသမားအင်အားက လျော့နည်းသွားခဲ့ပြီး ဒါကို အခွင့်အရေးယူဖို့ ကြိုးစားခဲ့တဲ့ ဗလင်စီယာအသင်းဟာ ပွဲပြီးခါနီးမှာပဲ ရိုဒရီဂိုရဲ့အဖိုးတန်သွင်းဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးမိနစ်အရောက်မှာတော့ VAR စစ်ဆေးမှုနဲ့ လီဗန်တေးတို့ ပင်နယ်တီကန်ခွင့်ရခဲ့ကာ ချေပဂိုးပါ ပိုင်ဆိုင်ခဲ့လို့ တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျခဲ့ရပါတယ်။