စပိန်လာလီဂါ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ ဗလင်စီယာက အီတလီ ဂန္တဝင် ကွင်းလယ်ခံစစ် ကစားသမား တဦး ဖြစ်သလို နာပိုလီနည်းပြဟောင်းလည်း ဖြစ်တဲ့ ဂတ်တူဆိုကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ နီးစပ်နေကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၄၄နှစ် အရွယ် အီတလီလူမျိုး နည်းပြဖြစ်သူ ဂတ်တူဆိုက ကစားသမားဘဝ ကနေ အနားယူပြီးနောက် အီတလီ စီးရီးအေ နာမည်ကြီးအသင်းတွေ ဖြစ်ကြတဲ့ အေစီမီလန်နဲ့ နာပိုလီတို့ကို ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး နာပိုလီနဲ့အတူ အီတလီ စူပါဖလား တလုံးကိုလည်း အရယူနိုင်ခဲ့ပါတယ်။

Photo Credit: Marca

ဒါပေမယ့် ဂတ်တူဆိုက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတော့ နာပိုလီနဲ့အတူ လိုချင်တဲ့ ရလဒ်တွေကို မယူနိုင်ခဲ့တာကြောင့် နာပိုလီကနေ ထွက်ခွာခဲ့ရပြီး ၂၀၂၁-၂၀၂၂ ဘောလုံးရာသီကို အသင်းလက်မဲ့ အဖြစ်သာ ဖြတ်သန်းခဲ့ပါတယ်။

တဖက်မှာတော့ ဗလင်စီယာက ယခုနှစ် ဘောလုံးရာသီမှာ မျှော်မှန်းထားသလို ရလဒ်ကောင်းတွေ မရခဲ့သလို ဥရောပဝင်ခွင့်နဲ့ပါ လွဲချော်ခဲ့တာကြောင့် အသင်းရဲ့ နည်းပြဖြစ်သူ ဘော်ဒါလက်စ်ကို ရာထူးကနေ ထုတ်ပယ်ဖို့ စီစဉ်နေပြီး နာပိုလီနဲ့အတူ ဆုဖလား တလုံး ရယူထားနိုင်တဲ့ ဂတ်တူဆိုကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ မျက်စိကျနေပါတယ်။

Photo Credit: Marca

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဗလင်စီယာက ဂတ်တူဆိုကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေရာ နှစ်ဦးနှစ်ဖက်ကြားမှာ သဘောတူညီမှု ရရှိဖို့ နီးစပ်နေပြီး ဂတ်တူဆိုက မကြာခင်မှာပဲ ဗလင်စီယာရဲ့ နည်းပြသစ် ဖြစ်လာတော့မယ်လို့ သိရပါတယ်။

ဗလင်စီယာနဲ့ နီးစပ်သူတွေကလည်း အသင်းရဲ့ ဘုတ်အဖွဲ့က နည်းပြသစ် ဘော်ဒါလက်စ်ကို ရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ပြီးပြီ ဖြစ်ကာ အသင်းအတွက် နည်းပြသစ်ကို လာမယ့် အပတ်ထဲမှာပဲ မြင်တွေ့ရဖွယ် ရှိနေကြောင်း ပြောကြားထားကြပါတယ်။