စပိန်လာလီဂါ ကလပ်အသင်းတွေဖြစ်တဲ့ ဗလင်စီယာ ရီးယဲလ်ဘက်တစ်နဲ့ ရာယိုဗယ်လက်ကာနိုအသင်းတွေဟာ အင်တာမီလန်အသင်းနဲ့ လက်တွဲဖြုတ်ဖွယ်ရှိနေတဲ့ ချီလီ ဝါရင့်တိုက်စစ်ကစားသမားဖြစ်သူ အလက်ဆစ်ဆန်းချက်ဇ်ကို ခေါ်ယူသွားဖို့အတွက် အပြိုင်အဆိုင် စိတ်ဝင်စားနေတယ်လို့ Calcio Mercato ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : 90Min

အသက်(၃၂)နှစ်အရွှယ်ရှိ ချီလီလက်ရွေးစင် တိုက်စစ်ကစားသမား ဆန်းချက်ဇ်ဟာ ဘာစီလိုနာ အာဆင်နယ် မန်ချက်စတာယူနိုက်တက်အသင်းတွေမှာ ကျင်လည်ခဲ့ဖူးတဲ့ အတွေ့အကြုံရှိ ကစားသမားတစ်ယောက်ဖြစ်ပြီး လက်ရှိလည်း စီးရီးအေချန်ပီယံ အင်တာမီလန်အသင်းမှာ ပါဝင်နေသူ ဖြစ်ပါတယ်။ ဒါပေမယ့် ဆန်းချက်ဇ်ဟာ ဒီနှစ်ဘောလုံးရာသီအတွင်း အင်တာမီလန်အသင်းအတွက် အီတလီ စီးရီးအေပြိုင်ပွဲမှာ စုစုပေါင်း (၆၂)မိနစ်ခန့်သာ ပါဝင်ထားခဲ့ရသလို ချန်ပီယံလိဂ်မှာလည်း (၁၈)မိနစ်တည်းသာ ဝင်ရောက်ကစားခွင့် ရထားခဲ့ပါတယ်။

Photo Credit : Eurosport

နည်းပြသစ် ဆီမြွန်အင်ဇာဂီလက်အောက်မှာ ပုံမှန်ကစားခွင့်တွေ ပျောက်ဆုံးနေရတဲ့ ဆန်းချက်ဇ်ဟာ အင်တာနဲ့ ၂၀၂၃ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာဖြစ်ပေမယ့်လည်း လက်ရှိအခြေအနေတွေကြောင့် လာမယ့် ဆောင်းစျေးကွက်အတွင်းမှာပဲ အသင်းကနေ ထွက်ခွာသွားဖွယ် ရှိနေပါတယ်။ ဒီလို အသင်းနဲ့ လက်တွဲဖြုတ်ဖွယ် ရှိလို့နေတဲ့ ဆန်းချက်ဇ်ကို ဗလင်စီယာ ဘက်တစ်တို့လို လာလီဂါရဲ့ အလယ်အလတ် ကလပ်အသင်းတွေအပြင် ဒီရာသီမှ လာလီဂါကို တန်းပြန်တတ်လာခဲ့တဲ့ ဗယ်လက်ကာနိုအသင်းတွေကပါ ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေပါတယ်။ လက်ရှိအနေအထားအရ အင်တာဘက်ကလည်း တစ်နှစ်လုပ်ခ ယူရို(၇)သန်းလောက်အထိ ပေးချေနေရတဲ့ ကစားသမားကို ရှင်းထုတ်ချင်နေတာကြောင့် ဇန်နဝါရီလမှာပဲ ဆန်းချက်ဇ်ရဲ့ စာချုပ်ကို ဖျက်သိမ်းပေးကာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ပင် ထွက်ခွာခွင့်ပြုဖွယ် ရှိနေပါတယ်။ ဒီလို အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းရဖွယ် ရှိနေတဲ့ ဆန်းချက်ဇ်ဟာ အသင်းဟောင်း အာဆင်နယ်နဲ့လည်း သတင်းတွေ ထွက်ပေါ်နေပေမယ့် သူ့ကို အမှန်တကယ် အလိုရှိနေတဲ့ လာလီဂါ ကလပ်အသင်းတွေထဲကမှ တစ်သင်းသင်းကိုသာ ရွေးချယ်သွားဖွယ် ရှိနေပါတယ်။