နယ်သာလန် လက်ရွေးစင်အသင်းရဲ့ ဂန္တဝင် ကွင်းလယ်လူ တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ ဗန်ဒါဗတ်က မကြာမီ ယှဉ်ပြိုင် ကစားမယ့် နယ်သာလန်နဲ့ အာဂျင်တီးနားတို့ရဲ့ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပွဲစဉ်မှာ သူ့ရဲ့ မိခင်နိုင်ငံ နယ်သာလန်က အာဂျင်တီးနားကို ၃-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရလိမ့်မယ်လို့ ခန့်မှန်းသွားခဲ့ပါတယ်။

နယ်သာလန်နဲ့ အာဂျင်တီးနားတို့က ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ အတွက် ရေပန်းစားနေတဲ့ အသင်းတွေ ဖြစ်ကြပြီး နှစ်သင်းစလုံးကလည်း လတ်တလောမှာ ခြေစွမ်းကောင်းတွေ ရထားတာကြောင့် သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲမှာ ဘယ်အသင်းက အသာစီး ရသွားမလဲ ဆိုတာကို ခန့်မှန်းဖို့ ခက်နေပါတယ်။

Photo Credit: Sky Sports

အထူးသဖြင့် ဘောလုံးပိုင်ဆိုင်မှု အသားပေး ကစားဟန်အတိုင်း ကစားတတ်တဲ့ နယ်သာလန်နဲ့ မက်ဆီရဲ့ ဦးဆောင်မှုနောက်ကို လိုက်နေတဲ့ အာဂျင်တီးနားတို့ဟာ ကစားပုံအရ ဆင်တူသလို ခံစစ်ပိုင်း ကျစ်လျစ်ကြပြီး ကွင်းလယ်ရဲ့ လုပ်အားနှုန်းတွေကလည်း ကောင်းမွန်တာကြောင့် သူတို့နှစ်သင်းရဲ့ ပွဲရလဒ်ကို အဆုံးအဖြတ် ပေးမယ့် အရာက တိုက်စစ်ပိုင်းပဲ ဖြစ်ပါတယ်။

တိုက်စစ်ပိုင်းမှာတော့ မက်ဆီ ဦးဆောင်လာမယ့် အာဂျင်တီးနားက အနည်းငယ် အသာစီး ရနေပေမယ့် နယ်သာလန် ဂန္တဝင် ကွင်းလယ်လူ ဗန်ဒါဗတ်ကတော့ သူတို့အသင်းဟာ မက်ဆီကို ထိန်းချုပ် ကစားနိုင်စွမ်း ရှိကြောင်းနဲ့ သူတို့အသင်းက အာဂျင်တီးနားကို ၃ဂိုးပြတ်နဲ့ အနိုင်ရကာ ဆီမီးဖိုင်နယ်ဆီ တက်လှမ်းနိုင်လိမ့်မယ်လို့ ဟောကိန်းထုတ်သွားခဲ့ပါတယ်။

Photo Credit: Sky Sports

နယ်သာလန်နဲ့ အာဂျင်တီးနားတို့ရဲ့ ပွဲနဲ့ ပတ်သတ်ပြီး ဗန်ဒါဗတ်က – “မက်ဆီက ဒီကမ္ဘာ့ဖလားပြိုင်ပွဲမှာ တောက်ပနေတဲ့ ကစားသမားပါ။ ဒါပေမယ့် သူ့ရဲ့ ဘေးမှာ ရှိနေတဲ့ ကစားသမားတွေရဲ့ ခြေစွမ်းကတော့ အကောင်းကြီး မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ကသာ သူ့ကို ထိန်းနိုင်ရင် ပွဲပြီးပါပြီ။ ကျွန်တော်ကတော့ နယ်သာလန် ၃-၀ အာဂျင်တီးနား ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်” လို့ ခန့်မှန်း သုံးသပ်သွားခဲ့တာပါ။