မနေ့ညက အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဆိုက်ပရပ်စ်ကလပ် အိုမိုးနီးယားနီကိုးရှားအသင်းတို့ရဲ့ ယူရိုပါလိဂ် အုပ်စုအဆင့်ပွဲစဉ်မှာ အိမ်ရှင်အသင်းရဲ့ ဂိုးကန်သွင်းမှုတွေကို မယုံနိုင်လောက်အောင် ကာကွယ်နိုင်ခဲ့တဲ့ အိုမိုးနီးယား ဂိုးသမား ဖရန်ဆစ်အူဇိုဟိုဟာ ယူနိုက်တက် ပရိသတ်တစ်ဦး ဖြစ်နေသလို သူရဲ့ လက်စွမ်းပြမှုတွေကြောင့်လည်း ယူနိုက်တက် ပရိသတ်တွေက သူ့ကို အသင်းဆီပါ ရောက်လာစေချင်နေကြပါတယ်။

Photo Credit : Goal

ယူနိုက်တက်အသင်းက ညကပွဲစဉ်မှာ ပွဲပြီးခါနီး မိနစ်ပိုင်းလေးအလိုမှ သွင်းယူနိုင်ခဲ့တဲ့ တွမ်မီနေးရဲ့ သွင်းဂိုးနဲ့ နိုင်ပွဲရသွားခဲ့တာဖြစ်ပြီး အဲ့ဒီဂိုးမတိုင်ခင်က ဂိုးပေါက်(၁၂)ကြိမ်ထိ ဂိုးပေါက်တည့်ကန်နိုင်ခဲ့ပေမယ့် အိုမိုနီးယား ဂိုးသမား အူဇိုဟို အတော်လေး လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။ တကယ်တော့ အသက်(၂၃)နှစ်သား နိုင်ဂျီးရီးယား ဂိုးသမားလေး အူဇိုဟိုက အိုမိုးနီးယားရဲ့ အရန်ဂိုးသမားဖြစ်ပြီး အသင်းရဲ့ ပင်တိုင်ဂိုးသမား မပါဝင်နိုင်လို့ ဝင်ရောက် ကစားခွင့်ရချိန်မှာပဲ သူဟာ ပွဲထွက်ခွင့်နဲ့ ထိုက်တန်သူတစ်ဦးဆိုတာ သက်သေပြနိုင်ခဲ့သလို သူ အားပေးရူးသွပ်ခဲ့ရတဲ့ ယူနိုက်တက်အသင်းရဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာပါ သူရဲ့နာမည်ကို လူတွေ မှတ်မိနေအောင် စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။

Fans hail Omonia Nicosia goalkeeper Francis Uzoho after stunning  performance against Man United | Daily Mail Online

Photo Credit : Daily Mail

ခရစ္စတီယာနိုရော်နယ်လ်ဒို မားကပ်စ်ရပ်ရှ်ဖို့ဒ် အန်တိုနီ အစရှိတဲ့ ယူနိုက်တက်ရဲ့ ထိပ်တန်း တိုက်စစ်ကစားသမားတွေ ကန်သွင်းချက်တိုင်းကို ဂိုးပေါက်ထဲ အဝင်မခံရအောင် လက်စွမ်းပြခဲ့တဲ့ အူဇိုဟိုဟာ အသင်းကို ဒီရာသီ ယူရိုပါလိဂ်ပြိုင်ပွဲအတွင်း ပထမဆုံး ရမှတ်တစ်မှတ်ရအောင် စွမ်းဆောင်ပေးနိုင်ဖို့ နီးစပ်ခဲ့ပေမယ့်လည်း လူစားဝင် ကစားသမား တွမ်မီနေးရဲ့ နောက်ကျသွင်းဂိုးကိုတော့ မကာကွယ်နိုင်တော့ပဲ ခွင့်ပြုပေးလိုက်ရပါတယ်။ ဒါပေမယ့် အူဇိုဟိုက သူအားပေးရတဲ့ အသင်း သူ တစ်နေ့မှာ ကစားခွင့်ရဖို့ အိမ်မက်မက်ထားတဲ့ ဘောလုံးကွင်းကြီးအတွင်းမှာ သူ လေးစားအားကျရဆုံး ဂိုးသမားဒီဂီယာနဲ့ တွေ့ဆုံရပြီး အခြားသော ယူနိုက်တက် ကစားသမားတွေနဲ့ပါ ဆုံတွေ့ခဲ့ရလို့ သူ့အတွက် ဘယ်လိုမှ မမေ့နိုင်စရာ ညတစ်ည ဖြစ်စေရမှာ သေချာပါတယ်။ ပွဲအပြီးမှာလည်း ယူနိုက်တက် ပရိသတ်တွေက ဒီဂီယာနေရာမှာ အစားထိုးဖို့အတွက် ဂိုးသမားတစ်ဦးကို ရှာတွေ့ပြီလို့ သတ်မှတ်နေကြသလို အူဇိုဟိုကို ခေါ်ယူပေးဖို့ပါ တောင်းဆိုလာခဲ့ပါတယ်။ ဒါကြောင့် အူဇိုဟိုအနေနဲ့ သူအရမ်းအားပေးခဲ့ရတဲ့ အသင်းဆီကို ရောက်လာပြီး သူ အားကျရတဲ့ ဒီဂီယာရဲ့နေရာကိုပါ ဝင်ရောက်လာနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။