ပရီးမီးယားလိဂ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ သူတို့အသင်းရဲ့ ဗဟိုခံစစ် နေရာကို အားဖြည့်ဖို့ အတွက် ပရီးမီးယားလိဂ် ပြိုင်ဘက် အသင်းတစ်သင်း ဖြစ်တဲ့ ဘရိုက်တန် အသင်းရဲ့ အင်္ဂလန် ခံစစ်မှူး ဘန်ဝှိုက်ကို စတင် ကမ်းလှမ်း သွားမယ်လို့ မန်ချက်စတာ ညနေခင်း သတင်းဌာနက ဖော်ပြ သွားခဲ့ပါတယ်။ အသက် ၂၃နှစ် အရွယ် အင်္ဂလန် ခံစစ်မှူး ဘန်ဝှိုက်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ပြီး အင်္ဂလန် ဘောလုံးလောကမှာ နာမည်ရလာတဲ့ ခံစစ်မှူး တစ်ဦး ဖြစ်ကာ အသင်းကြီး အများစုရဲ့ စောင့်ကြည့်ခြင်းကို ခံနေရတဲ့ လူငယ် ခံစစ်မှူး တစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit: Sky  Sports

အထူးသဖြင့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လိဒ်ယူနိုက်တက် အသင်းထံ အငှားသွားရောက် ကစားကာ ခြေစွမ်းပြခဲ့တဲ့ ဘန်ဝှိုက်ကို ခေါ်ယူဖို့ အတွက် လက်ရှိမှာ လီဗာပူးအသင်း ၊ လိဒ်ယူနိုက်တက် အသင်းတို့ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ အပြိုင် စိတ်ဝင်စား နေပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဘန်ဝှိုက်ကို ခေါ်ယူနိုင်ဖို့ အကောင်းဆုံး အနေအထား တစ်ရပ်မှာ ရှိပါတယ်။ ဘန်ဝှိုက်ဟာ လက်ရှိ အင်္ဂလန် ခံစစ်မှူးတွေထဲမှာ အလားအလာ အရှိဆုံး ခံစစ်မှူးတွေထဲက တစ်ဦး ဖြစ်သလို ၂၃နှစ် အရွယ်သာ ရှိသေးတာကြောင့် သူ့ရဲ့ ကာလတန်ကြေးဟာ အနိမ့်ဆုံး ယူရို ၄၀သန်းခန့် ရှိပြီး မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ ဘန်ဝှိုက်ကို ပြောင်းရွှေ့ကြေး ယူရို ၃၅သန်း ဝန်းကျင်နဲ့ စတင် ကမ်းလှမ်းဖွယ် ရှိကြောင်း အင်္ဂလန် နာမည်ကြီး သတင်းထောက်တွေက ဆိုပါတယ်။

Photo Credit: Sky  Sports

ဒါပေမယ့် တစ်ဖက်မှာတော့ ဘရိုက်တန် အသင်းဟာ လက်ရှိ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ကနေ တန်းမဆင်းရစေရန် အတွက် သူတို့အသင်းရဲ့ အဓိက ကစားသမား တစ်ဦးဖြစ်တဲ့ ဘန်ဝှိုက်ကို အသင်းမှာ ရာသီကုန်အထိ ဆက်လက် ထိန်းသိမ်းချင် နေကြောင်းနဲ့ မဖြစ်မနေ ရောင်းချရမယ် ဆိုပါကလည်း အစားထိုး ကစားသမား တစ်ဦးကို ရရှိမှာသာ ရောင်းချဖွယ် ရှိကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လက်ရှိမှာ မက်ဂွိုင်းယား ၊ လင်ဒီလော့ဖ် ၊ တွမ်ဇီဘီ ၊ ဘိုင်လီ ၊ ရိုဟို ၊ ဖီးလ်ဂျုံးစ် စတဲ့ ခံစစ်မှူးတွေကို ပိုင်ဆိုင် ထားပေမယ့် ရိုဟို ၊ ဖီးလ်ဂျုံးစ် တို့ဟာ အသင်းနဲ့ အနာဂတ် မရှိတော့သလို တွမ်ဇီဘီနဲ့ ဘိုင်လီဟာလည်း မကြာခဏ ဆိုသလို ဒဏ်ရာ ရရှိနေတာကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားဟာ ဘန်ဝှိုက်ကို အသင်းထံ ခေါ်ယူဖို့ မျက်စိကျနေတာလည်း ဖြစ်ပါတယ်။