ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က လာမယ့်နွေမှာ ဂီတာဖေး ကနေ အသင်းဆီ ပြန်လာတော့မယ့် တိုက်စစ်မှူး ဂရင်းဝုဒ်ကို အသင်းမှာ ဆက်မထားချင်တာကြောင့် စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာမှာ ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရတဲ့ ဗီတာ ရိုကေးနဲ့ အလဲအထပ် လုပ်ဖို့ စဉ်းစားနေကြောင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၂နှစ် အရွယ် အင်္ဂလန် တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်က မန်ချက်စတာ ယူနိုက်တက်ရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ငယ်မွေးခြံပေါက် ကစားသမား တဦး ဖြစ်ပြီး သူက ဘယ်ခြေ ၊ ညာခြေ နှစ်ဖက်စလုံးကို အသုံးပြုနိုင်တဲ့ ရှားပါး တိုက်စစ်မှူးကောင်း ဖြစ်ပေမယ့် သူ့ရဲ့ လူမှုရေးပြဿနာကြောင့် မန်ချက်စတာ ယူနိုက်တက်က သူ့ကို အသင်းမှာ ဆက်ထားဖို့ အခက်အခဲ ရှိနေပါတယ်။

Photo Credit: Goal

မန်ချက်စတာ ယူနိုက်တက်က ဂရင်းဝုဒ်ကို အသင်းမှာ ဆက်ထားရင် အမျိုးသမီးပရိသတ်တွေရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ကြုံတွေ့နိုင်တာကြောင့် ယခုနှစ်ရာသီမှာ ဂီတာဖေးဆီ တရာသီအငှားနဲ့ စေလွှတ် ကစားစေခဲ့ပြီး ဂရင်းဝုဒ်က ဂီတာဖေး အတွက် ပြိုင်ပွဲစုံမှာ ၃၁ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၀ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၆ကြိမ် ရရှိထားပါတယ်။

ဂီတာဖေးနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တာကြောင့်ပဲ လာလီဂါ အင်အားကြီးကလပ်တွေ ဖြစ်ကြတဲ့ ဘာစီလိုနာနဲ့ အက်သလက်တီကို မက်ဒရစ်တို့ အပါအဝင် ဥရောပရဲ့ နာမည်ကြီးကလပ် အများအပြားက ဂရင်းဝုဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ယူနိုက်တက်ကလည်း ပြောင်းရွှေ့ကြေး ပေါင် ၄၀သန်း ဝန်းကျင် ရရှိရင် ဂရင်းဝုဒ်ကို ရောင်းထုတ်ဖို့ စဉ်းစားထားပါတယ်။

တဖက်မှာတော့ အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူး ဗီတာ ရိုကေးက ပြီးခဲ့တဲ့ ဆောင်းဈေးကွက်မှာမှ ဘာစီလိုနာဆီ ရောက်ရှိလာသူ ဖြစ်ပြီး ရိုကေးက ဘာစီလိုနာ အတွက် ပြိုင်ပွဲစုံမှာ ၃၁၀မိနစ် ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂ဂိုး သွင်းယူပေးထားနိုင်ပါတယ်။

Photo Credit: Standard

ဗီတာ ရိုကေးက ဘာစီလိုနာ အတွက် ဝင်ကစားခွင့် ရတဲ့ အချိန်တိုင်းမှာ အားကြိုးမာန်တက် ကစားပေးခဲ့သလို ခြေစွမ်းကောင်းတွေလည်း ပြသနိုင်ခဲ့ပေမယ့် ဘာစီလိုနာနည်းပြချုပ် ဇာဗီက သူ့ကို သဘောမကျတာကြောင့် စကားမပြောသလို ကစားခွင့် မပေးတာလည်း ကြာမြင့်နေပြီ ဖြစ်တာကြောင့် ရိုကေးဟာ မပျော်မရွှင် ဖြစ်နေပြီး ပွဲထွက်ခွင့် အာမခံချက် မရှိရင် လာမယ့် နွေဈေးကွက်မှာ ရိုကေးဟာ ဘာစီလိုနာကနေ ထွက်ခွာဖို့ စဉ်းစားထားပါတယ်။

နာမည်ကြီး စပိန်သတင်းဌာန တခု ဖြစ်တဲ့ Mundo Deportivoရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ဗီတာ ရိုကေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ယူနိုက်တက်က ဗီတာ ရိုကေးနဲ့ ဂရင်းဝုဒ်တို့ကို အလဲအထပ် လုပ်ကာ ရိုကေးကို အရ ခေါ်ယူဖို့ စဉ်းစားနေကြောင်း သိရှိရပါတယ်။