ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ အားနည်းချက် တခုလို ဖြစ်နေတဲ့ အထောင်တိုက်စစ်ပိုင်း အတွက် ဂျူဗင်တပ်ရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ဗလာဟိုဗစ်ကို ခေါ်ယူဖို့ မျက်စိကျနေပြီး ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့ တာဝန်ခံတွေဟာ ဗလာဟိုဗစ်နဲ့ ဂျူဗင်တပ်တို့ရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က လက်ရှိမှာ ရိုနယ်ဒို ၊ မာရှယ် ၊ ရက်ဖို့ဒ် စတဲ့ တိုက်စစ်မှူး ၃ဦးကို ပိုင်ဆိုင်ထားပေမယ့် မာရှယ် တဦးထဲကသာ အထောင်တိုက်စစ် နေရာမှာ ကစားတတ်သလို မာရှယ်ကလည်း မကြာခဏ ဆိုသလို ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ရတတ်တာကြောင့် နံပါတ်၉ တိုက်စစ်မှူးသစ် တဦးကို ခေါ်ယူဖို့ လျာထားပါတယ်။

Photo Credit: Football Italia

ဒါ့အပြင် ယူနိုက်တက်ရဲ့ ကြယ်ပွင့်တိုက်စစ်မှူး ရိုနယ်ဒိုကလည်း ရာသီကုန်ချိန်မှာ အသင်းကို စွန့်ခွာနိုင်ချေ ရှိနေတာကြောင့် မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ ဆုံးဖြတ်ထားပြီး အသင်းရဲ့ တိုက်စစ် အတွက် သင့်တော်မယ့် တိုက်စစ်မှူးတွေကို စတင် ရှာဖွေနေပါတယ်။

တဖက်မှာတော့ အသက် ၂၂နှစ် အရွယ် ဆားဘီးယား ကြယ်ပွင့် တိုက်စစ်မှူး ဗလာဟိုဗစ်က ဖီအိုရင်တီးနား ကနေ ဂျူဗင်တပ်ထံ ပြောင်းရွှေ့လာပြီးနောက် သူ့ရဲ့ ဂိုးသွင်းစွမ်းရည်ကောင်းကို ဆက်လက် ထုတ်ပြထားနိုင်ပြီး ဗလာဟိုဗစ်ဟာ ဂျူဗင်တပ် အတွက် ပြိုင်ပွဲစုံမှာ ၃၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၇ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၃ကြိမ် ရရှိထားပါတယ်။

Photo Credit: Football Italia

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ဗလာဟိုဗစ်ကို အသင်းနဲ့ ကိုက်ညီမယ့် ကစားသမားတွေထဲက တဦး အဖြစ် ရွေးချယ် သတ်မှတ်ထားကြပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ဗလာဟိုဗစ်ကို ခေါ်ယူနိုင်ဖို့ စုံစမ်းမှုတွေ စတင် ပြုလုပ်ထားကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ မိုက် မက်ဂ်ရက်က ဆိုပါတယ်။

ဗလာဟိုဗစ်က မကြာသေးခင်ကပဲ သူဟာ ဂျူဗင်တပ်မှာ ပျော်ရွှင်နေပါတယ်လို့ ထုတ်ဖော် ပြောကြားထားပေမယ့် အကယ်၍ ဂျူဗင်တပ်ကသာ ရာသီကုန်ချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရင် အသင်းပြောင်းဖို့ စဉ်းစားနိုင်ပြီး မန်ချက်စတာ ယူနိုက်တက်က ဂျူဗင်တပ်နဲ့ စာချုပ်သက်တမ်း ၄နှစ် ကျန်နေသေးတဲ့ ဗလာဟိုဗစ် အတွက် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၈၀သန်း ဝန်းကျင် သုံးစွဲရနိုင်ပါတယ်။