ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းဘက်ကို အကြိမ်ကြိမ် သွင်းဂိုးတွေ သွင်းယူခဲ့ဖူးတဲ့ လာလီဂါကလပ် ဆီဗီးလားရဲ့ အဓိက တိုက်စစ်မှူး အန်နဆရီကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၆နှစ် အရွယ် မော်ရိုကို လက်ရွေးစင် တိုက်စစ်မှူး အန်နဆရီက ၂၀၂၀ခုနှစ်မှာ လီဂါနက်စ် ကနေ ဆီဗီးလားထံ ပြောင်းရွှေ့ကြေး ယူရို ၂၀သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး သူက ဆီဗီးလားရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူပါ။

Photo Credit: Goal

အန်နဆရီက ၄နှစ်တာ ကာလအတွင်းမှာ ဆီဗီးလား အတွက် ပြိုင်ပွဲစုံမှာ ၁၇၉ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၆၂ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၇ကြိမ် ရရှိခဲ့ပြီး သူက ဆီဗီးလားနဲ့အတူ ယူရိုပါလိဂ် ဆုဖလား ၂ကြိမ် အထိ ရယူနိုင်ခဲ့ပါတယ်။

တဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက်က လာမယ့် ဆောင်းဈေးကွက်မှာ သူတို့ရဲ့ တိုက်စစ်ပိုင်း အတွက် အားကိုးရမယ့် အထောင်တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး ယူနိုက်တက်ဟာ စတုဂတ် တိုက်စစ်မှူး ဂွီရက်ဆီနဲ့ အန်နဆရီတို့ကို သူတို့ရဲ့ ပစ်မှတ်စာရင်းထဲ ထည့်သွင်းထားပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Sunရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်ဟာ ဂွီရက်ဆီကို ရဖို့ အတွက် စပါး ၊ နယူးကာဆယ် စတဲ့ အသင်းတွေနဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေတာကြောင့် ဂွီရက်ဆီအစား အန်နဆရီကို ပြောင်းလဲ ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ယူနိုက်တက်ဟာ အန်နဆရီအတွက် စုံစမ်းမှု တချို့ပါ လုပ်ထားကြောင်း သိရပါတယ်။

အန်နဆရီက သူ့ရဲ့ ကစားသမား ဘဝမှာ မန်ချက်စတာ ယူနိုက်တက်နဲ့ ၃ကြိမ် ရင်ဆိုင်ဖူးပြီး အဆိုပါ ၃ကြိမ်မှာ သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁ကြိမ် ရရှိခဲ့ပါတယ်။ ဆီဗီးလားကတော့ သူတို့နဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်တော့တဲ့ အန်နဆရီကို ဝယ်ရင်းဈေး ယူရို ၂၀သန်း ဝန်းကျင် ရရှိရင် ရောင်းချဖို့ ဆုံးဖြတ်ထားပါတယ်။