MySport Myanmar

ယူနိုက်တက် အလိုရှိနေတဲ့ ဂျာအို နေးဗက်စ်ရဲ့ စာချုပ်လျော်ကြေးက ယူရို သန်း(၁၂၀)ထိ ရှိနေ

မန်ချက်စတာ ယူနိုက်တက်အသင်း ခေါ်ယူချင်နေတဲ့ ဘင်ဖီကာအသင်းရဲ့ ပေါ်တူဂီ ဆယ်ကျော်သက် ကစားသမားလေး ဂျာအို နေးဗက်စ်ရဲ့ စာချုပ်ဖျက်သိမ်းကြေး တန်ဖိုးက ယူရို သန်း(၁၂၀)အထိတောင် ရှိနေသလို ဘင်ဖီကာဘက်ကလည်း သူတို့ ကစားသမားကို ရောင်းချဖို့ လုံးဝ ဆန္ဒမရှိဘူးလို့ သိရှိရပါတယ်။

ယူနိုက်တက်အသင်းဟာ အသက် (၁၉)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဘင်ဖီကာ အကယ်ဒမီထွက် ကွင်းလယ်ခံစစ် ကစားသမားလေး နေးဗက်စ်ကို အတော်လေး သဘောတွေ့နေပြီး ဘင်ဖီကာပွဲတွေအထိပါ ကင်းထောက်တွေ စေလွတ်ကာ နေးဗက်စ်ရဲ့ ခြေစွမ်းတွေ စောင့်ကြည့် လေ့လာနေခဲ့ပါတယ်။

Photo Credit : The Sun

ဒါ့အပြင် ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ကလည်း သူနဲ့ တစ်နိုင်ငံတည်းသား နေးဗက်စ်ကို ယူနိုက်တက်ဆီ ပြောင်းရွှေ့လာဖို့ တိုက်တွန်းမှုတွေ လုပ်ဆောင်လာခဲ့တဲ့အတွက် ယူနိုက်တက်အနေနဲ့ နေးဗက်စ်ကို ရရှိဖို့ ပိုမို အရှိန်မြင့် လုပ်ဆောင်လာခဲ့ပါတယ်။

ဒါပေမယ့်လည်း ဘင်ဖီကာကတော့ သူတို့ရဲ့ ကြယ်ပွင့် ကစားသမားလေးကို ကစားသမားဟောင်း အန်ဇို ဖာနန်ဒက်စ်ရဲ့ release clause တန်ကြေးအတိုင်းဖြစ်တဲ့ ယူရို သန်း(၁၂၀)အထိ သတ်မှတ်ထားတာဖြစ်ပြီး ဒါဟာ ယူနိုက်တက်အသင်းအတွက်တော့ အနည်းငယ် ခေါင်းခဲစရာ ဖြစ်စေနိုင်ပါတယ်။

Photo Credit : Twitter X

ဒါ့အပြင် ဘင်ဖီကာဘက်က ဂျာအို နေးဗက်စ်ကို အသင်းကနေ ရောင်းချသွားဖို့ အစီအစဉ် လုံးဝမရှိတဲ့အတွက် ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ ကိစ္စရပ်တွေ ဆွေးနွေးသွားမှာတောင် မဟုတ်ဘူးလို့လည်း သိရှိရပါတယ်။

ဒီလို အခြေအနေကြောင့် ယူနိုက်တက်အနေနဲ့ နေးဗက်စ်ကို ခေါ်ယူဖို့အတွက် အတော်လေး ခက်ခဲသွားစေရနိုင်ပြီး နေးဗက်စ်လို အသက်ငယ်ရွယ်ပြီး ဘောလုံး အရည်အသွေး ပြည့်ဝတဲ့ ကစားသမားလေးကိုလည်း ယူနိုက်တက်အပြင် ဥရောပထိပ်သီး ကလပ်အသင်းတွေကပါ စိတ်ဝင်စားလျက် ရှိနေပါတယ်။

Exit mobile version