ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က ဒီရာသီမှာ ဒိန်းမတ် ထိပ်သီးကလပ် ကိုပင်ဟေဂင်နဲ့အတူ တောက်ပနေတဲ့ ဆွီဒင်လူငယ်ကြယ်ပွင့် ရွန်နီရဲ့ ခြေစွမ်းကို စောင့်ကြည့်ဖို့ ကင်းထောက်တွေ စေလွှတ်ခဲ့ကြောင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ ဆွီဒင်လူငယ်ကြယ်ပွင့် ရွန်နီ ဘာ့ချ်ဂျီက ၂၀၂၀ခုနှစ်မှာ ဆွီဒင်နာမည်ကြီးကလပ် မယ်လ်မိုရဲ့ လူငယ်အသင်း ကနေ ကိုပင်ဟေဂင်ဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး သူက ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ ကိုပင်ဟေဂင်ရဲ့ ပွဲထွက် ကစားသမား အဖြစ် ကစားခွင့် ရနေပါတယ်။

Photo Credit: Goal

ရွန်နီက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ကိုပင်ဟေဂင် အတွက် ပြိုင်ပွဲစုံမှာ ၂၇ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၃ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁ကြိမ် ဖန်တီးနိုင်ခဲ့ပြီး ဒီရာသီမှာတော့ ရွန်နီက ကိုပင်ဟေဂင် အတွက် ပြိုင်ပွဲစုံမှာ ၃၀ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၁ဂိုး အထိ သွင်းယူပေးထားနိုင်သလို သူ့ရဲ့ သွင်းဂိုးတွေထဲက ၁ဂိုးဟာ မန်ချက်စတာ ယူနိုက်တက်ဘက်ကို သွင်းယူထားတဲ့ သွင်းဂိုးပါ။

ရွန်နီက ဘယ်ခြေအားသန် တောင်ပံတိုက်စစ် ကစားသမား ဖြစ်ပြီး သူက ညာတောင်ပံ တခုထဲမှာသာ အဓိက ကစားလေ့ ရှိပြီး သူ့ရဲ့ တဟုန်ထိုး တိုးတက်လာတဲ့ ခြေစွမ်းနဲ့ အလားအလာကောင်းတွေကြောင့် မန်ချက်စတာ ယူနိုက်တက် အပါအဝင် ဥရောပရဲ့ ထိပ်သီးအသင်းတွေက သူ့ကို ခေါ်ယူဖို့ မျက်စိကျလာကြပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Sunရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ရွန်နီရဲ့ ခြေစွမ်းကို အကဲခတ်ဖို့ အတွက် ကိုပင်ဟေဂင် ၁-၂ ဘရွန်ဘေ ပွဲစဉ်ဆီ ကင်းထောက်တွေ စေလွှတ်ခဲ့ပြီး အဆိုပါပွဲစဉ်မှာ ရွန်နီက ကိုပင်ဟေဂင် အတွက် တဂိုး သွင်းယူနိုင်ခဲ့သလို ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် ယူနိုက်တက်ရဲ့ ကင်းထောက်တွေက ရွန်နီရဲ့ ခြေစွမ်းကို သဘောကျနေကြကြောင်း သိရှိရပါတယ်။

ဆွီဒင်သတင်းရင်းမြစ်တွေကတော့ ရွန်နီရဲ့ ဖခင်ဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အမာခံ ပရိသတ် တဦး ဖြစ်တာကြောင့် ယူနိုက်တက်ကသာ ရွန်နီကို အမှန်တကယ် ကမ်းလှမ်းလာမယ် ဆိုရင် ရွန်နီဟာ ယူနိုက်တက်ဆီ ပြောင်းဖို့ ခေါင်းညိတ်နိုင်ကြောင်းနဲ့ ရွန်နီရဲ့ တန်ကြေးဟာ ယူရို ၁၅သန်း ဝန်းကျင် ရှိကြောင်း အသီးသီး ဖော်ပြထားကြပါတယ်။