မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းရဲ့ ညာနောက်ခံကစားသမား အာရွန် ဝမ်ဘစ်ဆာကာကို ကာလရှည် စာချုပ်သစ် ချုပ်ဆိုသွားဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီ ဖြစ်တယ်လို့ Mail Sports ကနေ ဖော်ပြလာခဲ့ပါတယ်။

နည်းပြ အဲရစ် တန်ဟက်ဂ်လက်ထက်မှာ သိသိသာသာ ခြေစွမ်းပိုင်းတွေ တိုးတက်လာခဲ့တဲ့ ညာနောက်ခံလူ ဘစ်ဆာကာကို အသင်းဘက်ကနေ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုများ ပြုလုပ်သွားဖို့ ပြင်ဆင်လာခဲ့ပြီလို့ ပြီးခဲ့တဲ့ လကတည်းက သတင်းထွက်ပေါ်ခဲ့ပါသေးတယ်။

Photo Credit : The Athletic

အသက် (၂၅)နှစ်အရွယ် အင်္ဂလန် right-back player ဘစ်ဆာကာဟာ ယူနိုက်တက်အသင်းနဲ့ ၂၀၂၄ခုနှစ်နဲ့ နောက်ထပ် ထပ်တိုးတစ်နှစ် စာချုပ်သက်တမ်း ကျန်ရှိနေသေးပြီး အသင်းဆီ နည်းပြ တန်ဟက်ဂ် မရောက်ခင်တုန်းက ဘစ်ဆာကာရဲ့ အနာဂတ်ဟာ ဝေဝါးနေရကာ တန်ဟက်ဂ်ရောက်မှသာ ဘစ်ဆာကာလည်း အသင်းမှာ နေရာ ပြန်လည် ရရှိလာခဲ့ရပါတယ်။

ယူနိုက်တက်က ဘစ်ဆာကာကို လွန်ခဲ့တဲ့ ၂၀၁၉ခုနှစ်ကမှ ခရစ္စတယ် ပဲလေ့စ်အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် သန်း(၅၀)နဲ့ ခေါ်ယူထားခဲ့တာဖြစ်ပြီး အသင်းဆီ ရောက်ရှိပြီး (၂)ရာသီဆက်တိုက် ပွဲအများအပြား ကစားခွင့် ရရှိခဲ့ပေမယ့်လည်း နည်းပြအပြောင်းအလဲတွေနောက် ဘစ်ဆာကာရဲ့ ပွဲကစားခွင့်တွေက နည်းပါးလာခဲ့ရပါတယ်။

Photo Credit : Manchester United

ဒါပေမယ့် ယူနိုက်တက်အသင်းနဲ့ နည်းပြ တန်ဟက်ဂ် လက်တွဲဖြစ်ချိန်မှာတော့ ဘစ်ဆာကာက (၃၄)ပွဲအထိ ကစားခွင့်ရခဲ့သလို ဒီရာသီမှာလည်း ပရီးမီးယားလိဂ် (၄)ပွဲလုံး ပွဲတိုင်း ကစားခွင့် ရရှိထားပါသေးတယ်။

လက်ရှိ နွေဈေးကွက်ပိတ်ချိန်မှာတော့ ယူနိုက်တက်အသင်းဘက်က ဘစ်ဆာကာနဲ့ စာချုပ် သက်တမ်းတိုးဖို့ စီစဉ်နေပြီဖြစ်ပြီး ကစားသမား အေးဂျင့်ဖြစ်သူနဲ့ပါ ဆွေးနွေးမှုတွေ လုပ်ဆောင်နေရင်း ဘစ်ဆာကာအတွက် တစ်ပတ်လုပ်ခကိုလည်း ပေါင် (၁)သိန်းထိ တိုးမြှင့်ပေးသွားဖို့လည်း ရှိနေပါတယ်။