MySport Myanmar

ဘရူနို ဖာနန်ဒက်ရဲ့ တန်ဖိုးကို ပြခဲ့တဲ့ပွဲ (သို့) အက်စ်တွန်ဗီလာ ၃-၁ မန်ယူနိုက်တက်

ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အက်စ်တွန်ဗီလာနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ပွဲမှာတော့ အံ့အားသင့်ဖွယ်ကောင်းအောင်ပဲ နည်းပြအပြောင်းအလဲ လုပ်ထားတဲ့ အိမ်ရှင် ဗီလာက ပုံစံကောင်း ရနေတဲ့ မန်ချက်စတာ ယူနိုက်တက်ကို ၃-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

အဆိုပါပွဲမှာ အိမ်ရှင် ဗီလာဘက်က အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့သလို ဧည့်သည် မန်ချက်စတာ ယူနိုက်တက်ကလည်း ပွဲပယ်ခံထားရတဲ့ အဓိက ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်ရဲ့ နေရာမှာ ဗန်ဒီဘိခ်ကို ထည့်သွင်း ကစားခဲ့တာကလွဲရင် လူစုံပါဝင်ခဲ့ပါတယ်။

Photo Credit: Team Talk

အိမ်ရှင် ဗီလာက အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့တာကြောင့် ပုံမှန် ခြေစွမ်းကောင်း တရပ် ပြသနိုင်ခဲ့ပေမယ့် အဓိက ကွင်းလယ်လူ ဘရူနို ဖာနန်ဒက် မပါဝင်နိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်ကတော့ ပုံမှန်ခြေစွမ်းအောက် ရောက်နေခဲ့ပြီး ဖာနန်ဒက် ရှိနေစဉ်က ရခဲ့တဲ့ လုပ်အားနှုန်းတွေ ၊ အကွက်မြင်တဲ့ ဖန်တီးမှုတွေနဲ့ ခေါင်းဆောင်နိုင်မှုတို့ အားလုံးဟာ မန်ချက်စတာ ယူနိုက်တက်မှာ ပျောက်ကွယ်နေခဲ့ပါတယ်။

အထူးသဖြင့် ဖာနန်ဒက်ရဲ့ နေရာကို ဝင်ကစားခွင့် ရခဲ့တဲ့ ဗန်ဒီဘိခ်ဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကွင်းလယ်ကို ဦးဆောင် ကစားနိုင်စွမ်း မရှိခဲ့သလို ဘောလုံးကို လက်ခံ ရယူဖို့ထက် ဂိုးသွင်းနိုင်မယ့် နေရာလွတ်တွေဆီသာ သွားဖို့ စိတ်အားထက်သန်နေခဲ့တာကြောင့် အဲရစ်ဆင်နဲ့ ကတ်စ်မဲရိုးတို့ နှစ်ဦးထဲကသာ ယူနိုက်တက်ရဲ့ ကွင်းလယ်ကို ထိန်းကျောင်းခဲ့ရပြီး သူတို့နှစ်ဦးထဲသာ ကွင်းလယ်အထိုင်မှာ ကစားခဲ့တာကြောင့် ယူနိုက်တက်ရဲ့ ဘောလုံးဖြန့်ဝေနိုင်စွမ်းဟာ အတော်လေး လျော့ကျသွားခဲ့ပါတယ်။

Photo Credit: Team Talk

ဒါ့အပြင် မက်ဂွိုင်းယားနဲ့ ဖာနန်ဒက်တို့ မပါဝင်နိုင်ချိန်မှာ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူခဲ့တဲ့ ရိုနယ်ဒိုကလည်း အသင်းကို အကောင်းဆုံး ဦးဆောင် ကစားနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့်ပဲ ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက ဘရူနို ဖာနန်ဒက်ဟာ ယူနိုက်တက် ကွင်းလယ်ရဲ့ အခရာ ကစားသမား ဖြစ်ပြီး ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်အနေနဲ့ ဘရူနို ဖာနန်ဒက်သာ ဒဏ်ရာရသွားရင် ဘယ်သူ့ကို အစားထိုး အသုံးပြုမလဲ ဆိုတာ စဉ်းစားထားသင့်ကြောင်း ထောက်ပြ အကြံပေးထားကြပါတယ်။

ဘရူနို ဖာနန်ဒက်က ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၁၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ကြိမ်သာ ရရှိထားပေမယ့် သူဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဂိုးသွင်းနိုင်မယ့် အခွင့်အရေး အများဆုံး ဖန်တီးပေးထားတဲ့ ကစားသမား ဖြစ်သလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း ဂိုးသွင်းခွင့် အများဆုံး ဖန်တီးပေးထားတဲ့ ကစားသမား ၃ဦး စာရင်းထဲ ပါဝင်နေတာကြောင့် ယူနိုက်တက်ရဲ့ ကွင်းလယ်မှာ ဖာနန်ဒက်ဟာ မရှိမဖြစ် ကစားသမား တဦး ဖြစ်ကြောင်း တင်ဆက်ပေးလိုက်ပါတယ်။

Exit mobile version