MySport Myanmar

ဘိုင်ယန်ခံစစ်မှူး ပါဗတ်ကို ယူရို ၃၀သန်းနဲ့ စတင် ကမ်းလှမ်းလိုက်တဲ့ ယူနိုက်တက်

ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ ပစ်မှတ် ကစားသမား တဦး ဖြစ်သူ ဘိုင်ယန်မြူးနစ် နောက်ခံလူ ဘန်ဂျမင် ပါဗတ်အတွက် ဘိုင်ယန်မြူးနစ်ထံ ယူရို ၃၀သန်းနဲ့ စတင် ကမ်းလှမ်းလိုက်ကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ L’equipe သတင်းဌာနက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က သူတို့ရဲ့ အသင်းခေါင်းဆောင်ဟောင်း မက်ဂွိုင်းယားကို ဝက်စ်ဟမ်းထံ ပြောင်းရွှေ့ကြေး ပေါင် ၃၀သန်းနဲ့ ရောင်းထုတ်ဖို့ သဘောတူခဲ့ပြီးနောက် မက်ဂွိုင်းယားရဲ့ နေရာကို အစားဝင်မယ့် ဗဟိုခံစစ်မှူးသစ် တဦး ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

Photo Credit: Team Talk

မန်ချက်စတာ ယူနိုက်တက်က နိုက်စ်နောက်ခံလူ တော်ဒီဘိုး ၊ လေဗာကူဆင် နောက်ခံလူ တပ်ဆိုဘားနဲ့ ဘိုင်ယန်မြူးနစ် နောက်ခံလူ ပါဗတ်တို့ကို သူတို့ရဲ့ ပစ်မှတ် ကစားသမားတွေ အဖြစ် သတ်မှတ်ထားပြီး မန်ချက်စတာ ယူနိုက်တက် နည်းပြချုပ် တန်ဟက်ဂ်ကတော့ ဗဟိုခံစစ် အပြင် ညာနောက်ခံနဲ့ ကွင်းလယ်ခံစစ် နေရာတွေမှာပါ ကစားနိုင်စွမ်း ရှိတဲ့ ပါဗတ်ကို ဦးစားပေး ခေါ်ယူပေးဖို့ အသင်းရဲ့ တာဝန်ရှိသူတွေထံ တောင်းဆိုထားပါတယ်။

အသက် ၂၇နှစ် အရွယ် ပြင်သစ်လက်ရွေးစင် နောက်ခံလူ ပါဗတ်က ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့သလို ယခု နွေဈေးကွက် အတွင်းမှာ ဘိုင်ယန်မြူးနစ်ကို စွန့်ခွာကာ စိန်ခေါ်မှုအသစ်တွေ ရင်ဆိုင်ဖို့ ဆုံးဖြတ်ထားသူပါ။

Photo Credit: The Sun

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ L’equipeရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ပါဗတ်နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိဖို့ နီးစပ်နေတာကြောင့် ယနေ့ နေ့လယ်ပိုင်းမှာပဲ ပါဗတ်အတွက် ပထမဦးဆုံး ကမ်းလှမ်းမှု အဖြစ် ပြောင်းရွှေ့ကြေး ယူရို ၃၀သန်းနဲ့ ဘိုင်ယန်မြူးနစ်ထံ စတင် ကမ်းလှမ်းလိုက်ကြောင်း သိရပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် ပလက်တန်ဘက်ကလည်း ပါဗတ်ဟာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေကြောင်းကို ထပ်ဆင့် အတည်ပြုပေးထားပါသေးတယ်။

Exit mobile version