MySport Myanmar

အမ်မရာဘက်အတွက် ဖီအိုရင်တီးနားနဲ့ တရားဝင် ဆွေးနွေးနေတဲ့ ယူနိုက်တက်

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က သူတို့ရဲ့ နံပါတ်တစ် ကွင်းလယ်ပစ်မှတ် ဖြစ်သူ အမ်မရာဘက်ကို ခေါ်ယူဖို့ အတွက် အမ်မရာဘက်ရဲ့ မိခင်ကလပ် ဖီအိုရင်တီးနားနဲ့ တရားဝင် ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း နာမည်ကြီး အီတလီ သတင်းထောက် ဒီမာဇီယိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က သူတို့ရဲ့ ကွင်းလယ်ပိုင်း အတွက် အားဖြည့်မှု အဖြစ် အမ်မရာဘက်ကို ခေါ်ယူဖို့ ယခု နွေဈေးကွက် စတင်ချိန်ကတည်းက စိတ်ဝင်စားနေခဲ့တာ ဖြစ်ပြီး အသင်းရဲ့ ရှိရင်းစွဲ ကွင်းလယ်လူတွေ ဖြစ်တဲ့ ဗန်ဒီဘိခ် ၊ တော်မီနေး စတဲ့ ကွင်းလယ်လူတွေကို မရောင်းချနိုင်သေးလို့သာ မခေါ်ယူဖြစ်သေးတာပါ။

Photo Credit: Sky Sports

မန်ချက်စတာ ယူနိုက်တက်က ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ အမ်မရာဘက်နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူထားနိုင်တာကြောင့် အမ်မရာဘက်ရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့ အတွက် ဖီအိုရင်တီးနားနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရယူရန်သာ လိုအပ်ပါတော့တယ်။

ကနဦးမှာ မန်ချက်စတာ ယူနိုက်တက်က ဗန်ဒီဘိခ်နဲ့ တော်မီနေးတို့ကို ရောင်းချပြီးမှ အမ်မရာဘက်ကို ခေါ်ယူဖို့ စီစဉ်ထားပေမယ့် မေဆန်မောင့် တယောက် မမျှော်လင့်ပဲ ကာလရှည် အနားယူရဖို့ ရှိနေတာကြောင့် အမ်မရာဘက်ကို ခေါ်ယူဖို့ အစောတလျင် ကြိုးစားလာပါတယ်။

Photo Credit: Football Transfer

တဖက်မှာလည်း ဖီအိုရင်တီးနားက အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ အမ်မရာဘက်ကို ယခု နွေဈေးကွက် အတွင်းမှာပဲ ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားသလို အမ်မရာဘက်ရဲ့ တန်ကြေးကိုလည်း ယူရို ၃၀သန်း ကနေ ယူရို ၂၁သန်း အထိ လျှော့ချပေးထားပါတယ်။

နာမည်ကြီး အီတလီ သတင်းထောက် ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ယနေ့မနက် အစောပိုင်းမှာပဲ ဖီအိုရင်တီးနားထံ ဆက်သွယ်ကာ အမ်မရာဘက်ရဲ့ အပြောင်းအရွှေ့ အတွက် တရားဝင် ညှိနှိုင်းမှုတွေ စတင် ပြုလုပ်နေပြီး နှစ်သင်းကြားမှာ အပြောင်းအရွှေ့ အတွက် တရားဝင် သဘောတူညီမှု မရသေးပေမယ့် သဘောတူညီမှု ရယူနိုင်မယ့် အခြေအနေမျိုး ရှိနေကြောင်း သိရပါတယ်။

Exit mobile version