MySport Myanmar

ဘိုင်ယန်ကွင်းလယ်လူ ဂရာဗန်ဘက်ကို ခေါ်ဖို့ စိတ်ဝင်စားနေတဲ့ လီဗာပူးနဲ့ ယူနိုက်တက်

ပရီးမီးယားလိဂ် အင်အားကြီးကလပ်တွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့က ဂျာမန် ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ ကွင်းလယ်လူ ဂရာဗန်ဘက်ကို ခေါ်ယူဖို့ အပြိုင်အဆိုင် စိတ်ဝင်စားနေကြပြီး နှစ်သင်းစလုံးက ဂရာဗန်ဘက် အတွက် စုံစမ်းမှုတွေ လုပ်ထားကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့ နှစ်သင်းစလုံးက ကွင်းလယ်ပိုင်း အားနည်းချက်တွေ ကိုယ်စီ ကိုယ်စီ ရှိနေတဲ့ အသင်းတွေ ဖြစ်ကြပြီး မန်ချက်စတာ ယူနိုက်တက်က ဖရက်ဒ်ကို ရောင်းထုတ်ပြီးနောက် ဗဟိုကွင်းလယ်လူ တဦး ခေါ်ယူဖို့ စီစဉ်ထားသလို လီဗာပူးကလည်း ဟန်ဒါဆန်နဲ့ ဖာဘင်ဟိုတို့ကို ဆုံးရှုံးထားရတာကြောင့် ဗဟိုကွင်းလယ်လူ တဦးနဲ့ ကွင်းလယ်ခံစစ် ကစားသမား တဦးတို့ကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

Photo Credit: Mirror

အသက် ၂၁နှစ် အရွယ် နယ်သာလန် လက်ရွေးစင် လူငယ်ကြယ်ပွင့် ဂရာဗန်ဘက်က ဗဟိုကွင်းလယ်လူ ဖြစ်ပေမယ့် လိုအပ်ရင် ကွင်းလယ်ခံစစ်နဲ့ ကွင်းလယ်တိုက်စစ် နေရာတွေမှာပါ ကစားနိုင်စွမ်း ရှိပြီး ဂရာဗန်ဘက်က အေဂျက်ကနေ ဘိုင်ယန်မြူးနစ်ထံ ပြောင်းရွှေ့ခဲ့ပြီးနောက် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရသူပါ။

ဂရာဗန်ဘက်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဘိုင်ယန်မြူးနစ်အတွက် စုစုပေါင်း ၉၃၇မိနစ်သာ ပါဝင် ကစားခွင့် ရခဲ့ပြီး ပုံမှန် ပွဲထွက်ခွင့် ရဖို့ မလွယ်ကူတာကြောင့်ပဲ ဂရာဗန်ဘက်က ယခု နွေဈေးကွက် အတွင်းမှာ အသင်းပြောင်းဖို့ စိတ်ဝင်စားနေကာ မန်ချက်စတာ ယူနိုက်တက် ၊ လီဗာပူးတို့ အပါအဝင် ဥရောပရဲ့ နာမည်ကြီးကလပ်တချို့က ဂရာဗန်ဘက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

Photo Credit: Team Talk

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့ နှစ်သင်းစလုံးက ယခုတပတ်ထဲမှာပဲ ဂရာဗန်ဘက်ကို ခေါ်ယူဖို့ အတွက် စုံစမ်းမှုတွေ အသီးသီး ပြုလုပ်ထားကြပြီး ဘိုင်ယန်မြူးနစ်က ဂရာဗန်ဘက်ကို လက်မလွှတ်ချင်ကြောင်း အကြိမ်ကြိမ် ပြောထားပေမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့က နွေဈေးကွက်ရဲ့ နောက်ဆုံးနေ့ရက်တွေမှာ ဂရာဗန်ဘက်ကို ခေါ်ယူဖို့ ကြိုးစားလာဖွယ် ရှိနေကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့က ဂရာဗန်ဘက်အပြင် ဖီအိုရင်တီးနား ကွင်းလယ်လူ အမ်မရာဘက်ကိုပါ ခေါ်ယူဖို့ အပြိုင် စိတ်ဝင်စားနေတာကြောင့် အမ်မရာဘက်ကို မရလိုက်တဲ့ အသင်းက ဂရာဗန်ဘက်ကို ခေါ်ယူဖို့ ကြိုးစားနိုင်ပါတယ်။

Exit mobile version