ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုး အတွက် မြင့်မားတဲ့ ကမ်းလှမ်းမှု တရပ် ရောက်လာရင် ကတ်စ်မဲရိုးကို ရောင်းချဖို့ ဆုံးဖြတ်ထားကြောင်း အင်္ဂလန် အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၃၁နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးက ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ရီးရဲလ်မက်ဒရစ် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၇၀သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ယူနိုက်တက်က သူ့ကို ၂၀၂၇ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Standard

ကတ်စ်မဲရိုးက ယူနိုက်တက်ဆီ ရောက်ရောက်ချင်းမှာပဲ အသင်းရဲ့ အဓိက ကွင်းလယ်လူ အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သလို ဘရူနို ဖာနန်ဒက်စ် ၊ အဲရစ်ဆင် စတဲ့ ကစားသမားတွေနဲ့ တွဲဖက်ကာ ယူနိုက်တက် အတွက် ကာရာဘောင်း ဆုဖလား တလုံး ရယူပေးနိုင်ခဲ့ပါတယ်။

ကတ်စ်မဲရိုးရဲ့ ယူနိုက်တက် ကစားသမား ဘဝ ပထမဦးဆုံး ဘောလုံးရာသီက အောင်မြင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ကတ်စ်မဲရိုးက မကြာခဏ ဒဏ်ရာပြဿနာတွေ ရနေတာကြောင့် ယူနိုက်တက်ရဲ့ ပွဲစဉ်အတော်များများကို လွဲချော်ခဲ့သလို ယူနိုက်တက်ကလည်း အဓိက ကစားသမား အများအပြား ဒဏ်ရာရရှိမှုကြောင့် ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရပါတယ်။

Photo Credit: Team Talk

လက်ရှိမှာတော့ ယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင်လည်းဖြစ် ၊ အသင်းရဲ့ ကိစ္စအဝဝကို စီမံခွင့် ရထားတဲ့ INEOSက ကတ်စ်မဲရိုး အပါအဝင် ယူနိုက်တက်ရဲ့ လုပ်ခလစာမြင့် ကစားသမား အများအပြားကို ရှင်းထုတ်ကာ အသင်းကို သွေးသစ်လောင်းတော့မယ် ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mailကလည်း ယူနိုက်တက်ဟာ ကတ်စ်မဲရိုးကို ရောင်းထုတ်ဖို့ စဉ်းစားထားကြောင်း အတည်ပြုလာပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mailရဲ့ အဆိုအရ လတ်တလောမှာ ဆော်ဒီ ထိပ်သီးကလပ် အယ် နက်ဆာက ကတ်စ်မဲရိုးကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ယူနိုက်တက်ကတော့ အယ် နက်ဆာကသာ ကတ်စ်မဲရိုးအတွက် တန်ကြေးမြင့် ကမ်းလှမ်းမှု တရပ် လုပ်လာမယ် ဆိုရင် ကတ်စ်မဲရိုးကို လက်လွှတ်ဖို့ အဆင်သင့် ပြင်ဆင်ထားကြောင်း သိရှိရပါတယ်။