မန်ချက်စတာ ယူနိုက်တက်အသင်းက ဒီနွေမှ ခေါ်ယူထားတဲ့ ဂိုးသမား အန်ဒရေ အိုနာနာကို လာမယ့် ဇန်နဝါရီ နဲ့ ဖေဖော်ဝါရီလတွေအတွင်း (၇)ပွဲခန့်လောက်အထိ လက်လွတ်သွားရဖို့ ရှိနေပါတယ်။

ဘာကြောင့်လဲဆိုတော့ အိုနာနာက အဲ့ဒီအချိန်မှာ ကင်မရွန်းအသင်းနဲ့အတူ အာဖရိကနိုင်ငံဖလား ပြိုင်ပွဲကို သွားရောက် ဆင်နွဲမှာ ဖြစ်တာကြောင့် အခုလို ပွဲစဉ်အများအပြား လက်လွတ်သွားရတော့မှာဖြစ်ပြီး တူရကီ ဂိုးသမား ဘယင်ဒါနဲ့သာ ပွဲထွက်သွားရဖွယ် ရှိနေပါတယ်။

Photo Credit : Mundo Deportivo

တကယ်တော့ အိုနာနာက ပြီးခဲ့တဲ့ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာပဲ ကင်မရွန်း လက်ရွေးစင်အသင်းနည်းပြ ဆောင်းနဲ့ အဆင်မပြေ ဖြစ်ခဲ့လို့ ပြိုင်ပွဲ လူစာရင်းကနေ ဖယ်ရှားခံလိုက်ရချိန်မှာ လက်ရွေးစင် ကစားသမားဘဝကနေပါ အနားယူလိုက်ကြောင်းပါ ထုတ်ပြန်ထားခဲ့ပါတယ်။

ဒါပေမယ့် လက်ရှိအချိန်ထိ ဆောင်း နဲ့ အိုနာနာတို့ကြား အဆင်ပြေမှု ပြန်ရမရ မသေချာသေးပေမယ့်လည်း အိုနာနာကတော့ ကင်မရွန်းအတွက် ပြန်ကစားပေးဖို့ ဆုံးဖြတ်လိုက်တာကြောင့် အခုတစ်ပတ် နိုင်ငံတကာ ရက်သတ္တပတ်အတွင်းမှာပဲ ကင်မရွန်းအသင်းရဲ့ အာဖရိကနိုင်ငံများဖလား ခြေစစ်ပွဲကိုပါ ပါဝင်ရဖွယ် ရှိနေပါတယ်။

Photo Credit : Sports News Africa

ကင်မရွန်းအသင်းအနေနဲ့ ခြေစစ်ပွဲ အောင်မြင်ခဲ့မယ်ဆိုရင် အိုင်ဗရီကို့စ် နိုင်ငံမှာ ဇန်ဝါရီ (၁၃)ရက်နေ့ကနေ ဖေဖော်ဝါရီလ (၁၁)ရက်နေ့အထိ ကျင်းပမယ့် အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲကိုပါ အိုနာနာက ကင်မရွန်း ကိုယ်စားပြုအဖြစ် ပါဝင် ယှဉ်ပြိုင်သွားရမှာပဲ ဖြစ်ပါတယ်။

အိုနာနာအနေနဲ့ 2023 Africa Cup of Nations မှာ ဖိုင်နယ်အဆင့်ထိသာ ကစားရမယ်ဆိုရင် စုစုပေါင်း (၈)ပွဲအထိ ကစားရနိုင်ပြီး ယူနိုက်တက်အသင်းရဲ့ စပါး ဝုလ်ဗ် ဝက်စ်ဟမ်း ဗီလာတို့နဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲ (၄)ပွဲ အပါအဝင် အက်ဖ်အေဖလား စတုတ္ထအဆင့် နဲ့ လိဂ်ဖလားမှာ ဆီမီးထိ ရောက်ခဲ့မယ်ဆိုရင် ဆီမီးနှစ်ကျော့လုံး လွဲချော်ရမှာပဲ ဖြစ်ပါတယ်။