ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က ယခုနှစ် ဘောလုံးရာသီမှာ ချန်ပီယံရှစ်ကလပ် လက်စတာ စီးတီးရဲ့ အဓိက ကစားသမား အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ ကွင်းလယ်တိုက်စစ် ကစားသမား ဒျူးဘူရီ-ဟောလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြောင်း ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၅နှစ် အရွယ် အင်္ဂလိပ်လူမျိုး ကွင်းလယ်လူ ဒျူးဘူရီ-ဟောလ်က လက်စတာ စီးတီးရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ မထင်မှတ်ထားလောက်အောင် ခြေစွမ်းတွေ တိုးတက်လာကာ လက်စတာ စီးတီးရဲ့ မရှိမဖြစ် ကစားသမား အဖြစ် သတ်မှတ်ခံထားရပါတယ်။

Photo Credit: Football Transfer

ဒျူးဘူရီ-ဟောလ်က ဗဟိုကွင်းလယ် ၊ ကွင်းလယ်တိုက်စစ်နဲ့ နောက်ချန်တိုက်စစ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ လက်စတာ စီးတီး အတွက် ပြိုင်ပွဲစုံမှာ ၄၁ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၀ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁၃ကြိမ် ရရှိထားပါတယ်။

ဒျူးဘူရီ-ဟောလ်က ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ တနှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိဖို့ ရေပန်းစားနေသလို သူက ပြီးခဲ့တဲ့ အပတ်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချယ်လ်ဆီး ၄-၂ လက်စတာ စီးတီး ပွဲစဉ်မှာလည်း လက်စတာ စီးတီးရဲ့ ဘယ်ခြမ်းတိုက်စစ် ကနေ ချယ်လ်ဆီးရဲ့ ဒုက္ခကို အကြိမ်ကြိမ် ဒုက္ခပေးနိုင်ခဲ့ပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဘန် ဂျာကော့ဘ်ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က လက်စတာ စီးတီးနဲ့အတူ တောက်ပနေတဲ့ ဒျူးဘူရီ-ဟောလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ပြီး ယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင်သစ် ရက်ကလစ်ဖ်ဟာ ဒျူးဘူရီ-ဟောလ်ရဲ့ ခြေစွမ်းကို အတော်လေး သဘောကျနေကြောင်း သိရှိရပါတယ်။

ဒျူးဘူရီ-ဟောလ်ရဲ့ လက်ရှိတန်ကြေးဟာ ယူရို ၂၅သန်း ဝန်းကျင်သာ ရှိပေမယ့် လက်စတာ စီးတီးကသာ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ တန်းတက်လာခဲ့ရင် ဒျူးဘူရီ-ဟောလ်ရဲ့ တန်ကြေးဟာ ယူရို ၄၀သန်း ဝန်းကျင် အထိ တက်လာနိုင်ကြောင်း ဘန် ဂျာကော့ဘ်က ဆိုထားပါသေးတယ်။