ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က ဒီရာသီမှာ ဂိုးတွေ ဒလဟော ခွင့်ပြုထားရတဲ့ ခံစစ်ပိုင်းအတွက် လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက်မှာ စပို့တင်း လစ္စဘွန်း ခံစစ်မှူး အင်နာစီယိုကို ခေါ်ယူရန် စီစဉ်နေကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ဗာရန်း ၊ မက်ဂွိုင်းယား ၊ မာတီနက်ဇ် ၊ လင်ဒီလော့ဖ် ၊ အီဗန် စတဲ့ ဗဟိုခံစစ်မှူး ၅ဦးကို ပိုင်ဆိုင်ထားပေမယ့် ဗာရန်းနဲ့ မာတီနက်ဇ်တို့က မကြာခဏ ဒဏ်ရာတွေ ရနေကြသလို လက်ကျန် ခံစစ်မှူး ၃ဦးကလည်း ထိပ်တန်းအဆင့်တွေ မဟုတ်ကြပါဘူး။

Photo Credit: The Sun

ဒါ့အပြင် ယူနိုက်တက်ရဲ့ အစွန်နောက်ခံလူတွေ ဖြစ်ကြတဲ့ လုခ်ရှော ၊ မာလာစီယာနဲ့ ဘစ္စကာတို့ကလည်း ဒဏ်ရာပြဿနာတွေကြောင့် ကာလရှည် အနားယူနေရသလို စပါးကနေ အငှားနဲ့ လာကစားတဲ့ ရယ်ဂီလွန်ကလည်း ဒဏ်ရာရနေပြန်ပါတယ်။

ဒါကြောင့်ပဲ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ရာသီဝက်ကာလ ဖြစ်တဲ့ ဆောင်းဈေးကွက်မှာ အသင်းရဲ့ ခံစစ်ပိုင်းကို အား​ဖြည့်ဖို့ စီစဉ်ထားပြီး အရည်အသွေးမြင့် ဗဟိုခံစစ်မှူး တဦးကို ခေါ်ယူဖို့ဟာ ယူနိုက်တက်ရဲ့ နံပါတ်တစ် ပစ်မှတ်ပါ။

Photo Credit: The Sun

တဖက်မှာတော့​ အင်နာစီယိုက ပေါ်တူဂီနဲ့ စပို့တင်း လစ္စဘွန်းတို့ရဲ့ မရှိမဖြစ် ဗဟိုနောက်ခံလူ အဖြစ် ခြေစွမ်းကောင်းတွေ ပြသနေသူ ဖြစ်ပြီး အင်နာစီယိုက ဘောလုံးကိုင် ကစားရာမှာ ထူးချွန်သလို အမြင့်ဘော ရှင်းထုတ်မှုပိုင်းလည်း ကောင်းမွန်တဲ့ ဘယ်ခြေအားသန် နောက်ခံလူပါ။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဂျာ​ကော့ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က အင်နာစီယိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေသလို ဇန်နဝါရီမှာ တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ဖွယ် ရှိနေပြီး စပို့တင်းကလည်း သူတို့ရဲ့ ခံစစ်မှူးကို ယူနိုက်တက်ဆီ ရောင်းချဖို့ လမ်းဖွင့်ထားကြောင်း သိရပါတယ်။