ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မကြာသေးမီကပဲ သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို အားပေးသူ တစ်ဦးဖြစ်ကြောင်း ဖွင့်ဟ ဝန်ခံထားတဲ့ အီကွေဒေါ လက်ရွေးစင် အသင်းရဲ့ လူငယ် ကြယ်ပွင့် ကိုင်စီဒိုကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း ဥရောပ အခြေစိုက် သတင်းဌာန‌တွေက ဖော်ပြ သွားကြပါတယ်။ အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ အီကွေဒေါ လက်ရွေးစင် ကိုင်စီဒိုဟာ ကွင်းလယ်ဗဟိုနဲ့ ကွင်းလယ်ခံစစ် နေရာတွေမှာ ကစားလေ့ ရှိတဲ့ ကစားသမား တစ်ဦးဖြစ်ပြီး အနာဂတ်မှာ အီကွေဒေါ လက်ရွေးစင် အသင်းရဲ့ အားထားရတဲ့ ကွင်းလယ် ကစားသမား ဖြစ်လာမယ့်သူ အဖြစ် ထင်ကြေး ပေးခံထားရသူလည်း ဖြစ်ပါတယ်။

Photo Credit: Goal

လက်ရှိအချိန်မှာ အီကွေဒေါ နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ အင်ဒီပန်ဒီယန်တီ အသင်းမှာ ကစားနေတဲ့ ကိုင်စီဒိုဟာ ယခုနှစ် အောက်တိုဘာလ ၉ရက်နေ့မှ စတင်ကာ အီကွေဒေါ လက်ရွေးစင် အသင်းအတွက် စတင် ပါဝင် ကစားပေးနိုင်ခဲ့ပြီး ၄ပွဲ ပါဝင် ကစား ပေးထားချိန်မှာ သွင်းဂိုး ၁ဂိုး သွင်းယူ ပေးထားနိုင်ပါတယ်။ ဒါ့အပြင် ကိုင်စီဒိုဟာ ယခုနှစ် ဘောလုံးရာသီမှာလည်း အင်ဒီပန်ဒီယန်တီ အသင်းအတွက် ပြိုင်ပွဲစုံမှာ ၂၇ပွဲအထိ ပါဝင် ကစားပေးထားကာ သွင်းဂိုး ၆ဂိုး သွင်းယူထားပြီး ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ် ထားနိုင်သူပါ။ ဒါ့ကြောင့်ပဲ ကိုင်စီဒိုကို ခေါ်ယူဖို့ အတွက် ဥရောပ နာမည်ကြီး အသင်းတွေ ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်း ၊ လိုင်ယွန်အသင်း ၊ လိုက်ပ်ဇက်အသင်း ၊ ဗီလာအသင်းတို့က စိတ်ဝင်စား နေကြတာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ လက်ဦးမှု ရယူကာ ကိုင်စီဒိုကို ခေါ်ယူဖို့ ကြိုးစား နေတာပါ။

Photo Credit: Goal

အပြောင်းအရွှေ့ သတင်းတွေနဲ့ ပတ်သတ်ရင် ယုံကြည်စိတ်ချရတဲ့ သတင်းထောက် တစ်ဦးဖြစ်တဲ့ Duncan Castles ရဲ့ ဖော်ပြချက် အရတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကိုင်စီဒိုကို ပြောင်းရွှေ့ကြေး ပေါင် ၆သန်းခန့်နဲ့ ခေါ်ယူဖို့ လုပ်ဆောင်နေပြီး လာမယ့် တနင်္လာနေ့မှာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အကြီးအကဲ တစ်ဦးဖြစ်သူ အက်ဝုဒ်ဝက်ဟာ ကိုင်စီဒိုရဲ့ အပြောင်းအရွှေ့ အတွက် တစ်ဖက်အသင်းနဲ့ စတင် ဆွေးနွေးတော့မှာ ဖြစ်ကြောင်း သိရပါတယ်။ အသက် ၁၉နှစ်အရွယ် အီကွေဒေါ လူငယ်ကြယ်ပွင့် ကိုင်စီဒိုဟာ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူအနှစ်သက်ဆုံး အသင်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဖြစ်ကြောင်း ဖွင့်ဟ ပြောကြား ထားသလို မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ ပေါ့ဘာဆီ ကနေ သင်ယူစရာတေွ ရှိကြောင်းနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ သူ့ရဲ့ အိမ်မက်အသင်း တစ်သင်း ဖြစ်ကြောင်း ဝန်ခံထားတာကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကိုင်စီဒိုကို ခေါ်ယူနိုင်ဖို့ အခွင့်အလမ်း များနေပါတယ်။