မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တာဝန်ရှိသူတွေက လတ်တလောမှာ သတင်းတွေ တောက်လျှောက် ထွက်ပေါ်နေတဲ့ ဂါရတ် ဆောက်ဂိတ်ကို ခန့်အပ်သွားဖို့ထက် လက်ရှိနည်းပြ အဲရစ် တန်ဟက်ဂ်ကိုသာ လာမယ့်ရာသီအတွက် ဆက်လက် တာဝန်ပေးသွားနိုင်တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ဆာဂျင်ရက်ကလစ်ဖ်တို့ရဲ့ INEOS အဖွဲ့ဟာ ယူနိုက်တက်အသင်းကို (၂၅)% ဝယ်ယူလို့အပြီးမှာပဲ ဒီနှစ်ဘောလုံးရာသီ အကုန်မှာပဲ အသင်းနည်းပြ အပြောင်းအလဲ မဖြစ်မနေ လုပ်ဆောင်လာကြလိမ့်မယ်လို့ အားလုံးက ထင်ကြေးပေးလာခဲ့ပါတယ်။

Photo Credit : TEAMtalk

ဒါ့အပြင် ဆာဂျင်ရက်ကလစ်ဖ်တို့ စိတ်ဝင်စားနေတယ်ဆိုပြီး သတင်းထွက်လာတဲ့ နည်းပြတွေထဲမှာ ချယ်လ်ဆီးနည်းပြဟောင်း ဂရေဟမ် ပေါ်တာနဲ့ လက်ရှိ အင်္ဂလန်နည်းပြ ဆောက်ဂိတ်တို့ ပါဝင်နေပြီး လတ်တလောမှာတော့ ဆောက်ဂိတ်က ယူနိုက်တက်နဲ့ သတင်းအထွက်ဆုံး ဖြစ်လာခဲ့ပါတယ်။

ဆောက်ဂိတ်က ယူနိုက်တက် နည်းပြရာထူးအတွက် ဘယ်လိုမှ မအပ်စပ်တဲ့သူလို့ ယူနိုက်တက် ပရိသတ် အများအပြားက ဝိုင်းဝန်း ပြောဆိုနေကြပေမယ့်လည်း ယူနိုက်တက် ကစားသမားဟောင်းကြီးတွေဖြစ်တဲ့ ရွိုင်ကိန်းနဲ့ ဂယ်ရီနဗီးလ်တို့ကတော့ ဆောက်ဂိတ်ကို ယူနိုက်တက် နည်းပြသစ်အဖြစ် မြင်တွေ့လာရနိုင်တယ်လို့ မှတ်ချက်ပြုလာကြပါတယ်။

Photo Credit : UtdFaithfuls

ဒီအချိန်မှာ အသင်းပရိသတ်တွေက ဆောက်ဂိတ်ကို ခန့်အပ်မယ့်အစား တန်ဟက်ဂ်ကိုပဲ ဆက်လက် ခန့်အပ်ထားတာကမှ တော်သေးတယ်လို့ ပြောဆိုလာကြပြီး တကယ်တော့ ဆာဂျင်တို့ဘက်ကလည်း တန်ဟက်ဂ်ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ဘာဆုံးဖြတ်ချက်မှ မချမှတ်ရသေးပဲ ရှိနေပါတယ်။

ဒီအချိန်မှာ ဆာဂျင်တို့အနေနဲ့ အသင်းနည်းပြ အပြောင်းအလဲကို ခပ်မြန်မြန် လုပ်ဆောင်တာထက် လက်ရှိ အသင်းကို ကိုင်တွယ်နေတဲ့ တန်ဟက်ဂ်ကို လာမယ့် ဘောလုံးရာသီအထိ ဆက်လက် တာဝန်ပေးသွားဖို့သာ စီစဉ်ထားလျက် ရှိနေတယ်လို့ Sky Sports လ်ို အထင်ကရ အားကစား မီဒီယာတွေကနေပါ အသေအချာ ဖော်ပြလာခဲ့ပါတယ်။