ပရီးမီးယားလိဂ် အင်အားကြီးအသင်းတွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ နယူးကာဆယ်တို့က ပြင်သစ် နာမည်ကြီးကလပ် မိုနာကိုရဲ့ ဗဟိုခံစစ်မှူး ဒီဆာဆီကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးစားနေကြကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် ပြင်သစ်လက်ရွေးစင် ဗဟိုနောက်ခံလူ ဒီဆာဆီက ၂၀၂၀ခုနှစ်မှာ ရိမ်းစ်ကနေ မိုနာကိုထံ ပြောင်းရွှေ့ကြေး ယူရို ၁၃သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက မိုနာကိုဆီ ရောက်ရှိပြီးနောက် အသင်းရဲ့ အဓိက ဗဟိုခံစစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။

Photo Credit: Team Talk

ညာခြေအားသန် ခံစစ်မှူး ဖြစ်တဲ့ ဒီဆာဆီက မိုနာကိုအတွက် ပြိုင်ပွဲစုံမှာ ၁၂၉ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၂ဂိုး အထိ သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး သူဟာ ပြင်သစ် လီဂူးဝမ်းပြိုင်ပွဲရဲ့ အကောင်းဆုံး ဗဟိုခံစစ်မှူး ၅ဦး စာရင်းထဲမှာလည်း ပါဝင်နေပါတယ်။

ဒီဆာဆီက မိုနာကိုရဲ့ အသင်းခေါင်းဆောင် အဖြစ် ခံစစ်ကြောင်းကို အကောင်းဆုံး ဦးဆောင်ပေးနိုင်ခဲ့တာကြောင့် ဥရောပ နာမည်ကြီးအသင်း တချို့က ယခု နွေဈေးကွက် အတွင်းမှာ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး အဆိုပါ အသင်းတွေထဲမှာ မန်ချက်စတာ ယူနိုက်တက်နဲ့ နယူးကာဆယ်တို့လည်း ပါဝင်နေပါတယ်။

Photo Credit: Top Flights

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်နဲ့ နယူးကာဆယ်တို့က ဒီဆာဆီကို ခေါ်ယူဖို့ အပြိုင်အဆိုင် စိတ်ဝင်စားနေကြပြီး နှစ်သင်းစလုံးက ဒီဆာဆီရဲ့ အေးဂျင့်ထံ ဆက်သွယ်မှုတွေ ပြုလုပ်ထားကာ နယူးကာဆယ်က လာမယ့် ရက်ပိုင်းအတွင်းမှာပဲ ဒီဆာဆီအတွက် ကမ်းလှမ်းမှုတွေ ပြုလုပ်ဖွယ် ရှိနေကြောင်း သိရပါတယ်။

မိုနာကိုက သူတို့ရဲ့ အဓိက ဗဟိုနောက်ခံလူ ဒီဆာဆီအတွက် ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင် လိုချင်နေပြီး မန်ချက်စတာ ယူနိုက်တက် နည်းပြချုပ် တန်ဟက်ဂ်က ဒီဆာဆီကို ခေါ်ယူချင်နေပေမယ့် အသင်းခေါင်းဆောင် မက်ဂွိုင်းယားကို ရောင်းချနိုင်မှသာ ဒီဆာဆီကို ခေါ်ယူနိုင်ဖွယ် ရှိနေတာကြောင့် ဒီဆာဆီရဲ့ အသင်းသစ်ဟာ နယူးကာဆယ် ဖြစ်ဖို့ ရာခိုင်နှုန်း များနေပါတယ်။