မန်ချက်စတာယူနိုက်တက်အသင်းကို အားပေးလျက်ရှိနေတဲ့ ကမ္ဘာကျော် တာတိုးအပြေးချန်ပီယံဟောင်း အူစိန်ဘော့က လက်ရှိမှာ စပါးအသင်းနည်းပြအဖြစ် တာဝန်ယူဆောင်ရွှက်နေပြီဖြစ်တဲ့ နည်းပြအန်တိုနီယိုကွန်တီကို လက်ရှိနည်းပြ အိုလေဂန်နာဆိုးလ်ရှားရဲ့ အစားထိုးဖို့ ပျက်ကွက်ခဲ့ခြင်းနဲ့ အသင်းရဲ့ အဓိကအကျဆုံး ကစားသမားဖြစ်သူ ခရစ္စတီယာနိုရော်နယ်လ်ဒို တစ်ဦးတည်းအပေါ်မှာပဲ မှီခိုလွန်းနေခြင်းအတွက် ယူနိုက်တက်အသင်းကို ပြစ်တင်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Sun

ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားဟာ အသင်းကနေ သူအလိုရှိနေတဲ့ ထိပ်တန်းကစားသမားတွေကို ခေါ်ယူပေးထားပေမယ့်လည်း အသင်းကို အကောင်းဆုံး အနေအထားရအောင် မကိုင်တွယ်ထားနိုင်ခဲ့ပဲ ရလဒ်ဆိုးတွေ ဂိုးပြတ်ရှုံးပွဲတွေနဲ့ ရင်ဆိုင်ထားရတာကြောင့် ဆိုးလ်ရှားနေရာမှာ နည်းပြသစ် အစားထိုးဖို့ တိုက်တွန်းမှုတွေ ရှိလာခဲ့ပြီး အီတလီလူမျိုးနည်းပြ ကွန်တီလည်း ယူနိုက်တက်နဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ယူနိုက်တက်ဘက်က ကွန်တီကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ တွန်ဆုတ်နေခဲ့တာကြောင့် စပါးအသင်းက နူနိုဆန်တိုရဲ့နေရာမှာ ကွန်တီကို အစားထိုးခန့်အပ်သွားတဲ့အပေါ် ယူနိုက်တက်ပရိသတ် အူစိန်ဘော့က မကျေမနပ် ဖြစ်နေခဲ့ရပါတယ်။

Photo Credit : The Sun

ကွန်တီနဲ့ပတ်သက်ပြီး အူစိန်ဘော့က “ကျွန်တော်ကတော့ ကွန်တီကို လိုချင်မိတယ်။ သူက အခုဆိုရင် စပါးအသင်းကို အကောင်းဆုံးဖြစ်အောင် လုပ်ပြနိုင်တော့မှာ။ အသင်းကိုလည်း အကောင်းဆုံးပုံစံနဲ့ စည်းရုံးနိုင်တော့မှာ။ သူက သူကိုင်တွယ်သွားတဲ့ အသင်းတိုင်းမှာ အသင်းရဲ့ဖွဲ့စည်းပုံ ကောင်းမွန်အောင် လုပ်ဆောင်နိုင်ခဲ့တယ်။ လာမယ့် ဇန်နဝါရီလထဲမှာလည်း ကစားသမား(၁)ဦး(၂)ဦးလောက်ကို ခေါ်ယူနိုင်ဖွယ် ရှိပါတယ်။ နောက်ပြီး ဒီနှစ်ဘောလုံးရာသီအကုန်မှာလည်း သူက အသင်းအတွက် သင့်တော်တဲ့ ကစားသမားတွေကို ရှာဖွေပြီး ခေါ်ယူသွားဖို့ ဖြစ်နိုင်ပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် အူစိန်ဘော့ဟာ ရော်နယ်လ်ဒို တစ်ဦးတည်းအပေါ်မှာပဲ အလွန်မှီခိုလွန်းနေတဲ့ ယူနိုက်တက်အသင်းရဲ့ ပုံစံကို ပြစ်တင်ဝေဖန်သွားခဲ့ပါသေးတယ်။ အူစိန်ဘော့က “ခရစ္စတီယာနိုက ကျွန်တော်တို့ကို ပွဲတိုင်းနီးပါး ကယ်တင်နေခဲ့တာ။ ကစားသမားတစ်ဦးတည်းကပဲ အလုပ်တွေအားလုံးကို လုပ်နေရသလိုပဲ။ ကျွန်တော်တို့အသင်းကလည်း ဘောလုံးကို ကောင်းကောင်း မကစားပြနိုင်ခဲ့တာ အတော်ကြာနေပါပြီ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။