ဥရုဂွေး လက်ရွေးစင် ဘောလုံးအသင်းဟာ ဝါရင့် နည်းပြကြီး မာဆယ်လို ဘီယဲလ်ဆာကို နည်းပြသစ်အဖြစ် ခန့်အပ်ပြီး လအတန်အကြာမှာပဲ ရလဒ်တွေ အလွန်ကောင်းမွန်နေရပြီး အခုဆိုရင်လည်း တောင်အမေရိကရဲ့ ထိပ်သီးအသင်းကြီးတွေဖြစ်တဲ့ အာဂျင်တီးနား နဲ့ ဘရာဇီးလ်တို့ကိုပါ (၂)ပွဲဆက်တိုက် အနိုင်ရထားခဲ့ပါတယ်။

အသက် (၆၈)နှစ်အရွယ် ရှိပြီဖြစ်တဲ့ အာဂျင်တီးနားလူမျိုး နည်းပြကြီး ဘီယဲလ်ဆာဟာ နည်းပြဘဝအတွင်း ကလပ်အသင်း များစွာနဲ့ နိုင်ငံအသင်းများစွာကို ကိုင်တွယ်ခဲ့ပြီး ဒီ ၂၀၂၃ခုနှစ် မေလမှာပဲ ဥရုဂွေးနည်းပြအဖြစ် စတင် ဆောင်ရွက်ဖြစ်ခဲ့ပါတယ်။

Photo Credit : Squawka Live

အာဂျင်တီးနား လူမျိုးဖြစ်တဲ့ ဘီယဲလ်ဆာဟာ အာဂျင်တီးနားအသင်းကိုလည်း ၁၉၉၈ခုနှစ်ကနေ ၂၀၀၄ခုနှစ်အထိ ကိုင်တွယ်ခဲ့ဖူးပြီး သူ့လက်ထက်မှာတော့ အာဂျင်တီးနားက (၈၅)ပွဲအတွင်း နိုင်ပွဲ (၅၆)ပွဲအထိ ရရှိခဲ့ကာ ၂၀၀၄ အေသင် အိုလံပစ်ပြိုင်ပွဲမှာပါ ရွှေတံဆိပ်ဆုကို ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။

ဘီယဲလ်ဆာဟာ လိဒ်စ်ယူနိုက်တက်အသင်းနဲ့လည်း ၂၀၁၈ခုနှစ်ကနေ စတင်ပြီး လက်တွဲဖြစ်ခဲ့ကာ အသင်းကို ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ထိ ပို့ဆောင်နိုင်ခဲ့ပေမယ့် ၂၀၂၂မှာ လက်တွဲဖြုတ်ခဲ့ပြီး တစ်နှစ်ဝန်းကျင်လောက်အထိ အသင်းလက်မဲ့ပါ ဖြစ်ခဲ့ရပါတယ်။

Photo Credit : Twitter X

အခုလက်ရှိမှာတော့ ဘီယဲလ်ဆာက ဥရုဂွေးအသင်းကို ကိုင်တွယ်လျက် ရှိနေပြီး နောက်ဆုံး ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်အတွင်း ဘရာဇီးလ် နဲ့ အာဂျင်တီးနားတို့လို တောင်အမေရိက အင်အားကြီး အသင်း(၂)သင်းကို (2-0) ဆိုတဲ့ ရလဒ်တွေနဲ့ အပြတ်အသတ် အနိုင်ယူထားနိုင်ခဲ့ပါတယ်။

လက်ရှိမှာ ဘီယဲလ်ဆာက ဥရုဂွေးကို (၇)ပွဲအထိ ကိုင်တွယ်ထားပြီးနောက် နိုင်ပွဲ (၅)ပွဲ သရေ (၁)ပွဲ ရှုံးပွဲ (၁)ပွဲ ရယူထားကာ နိုင်ပွဲ ရာခိုင်နှုန်း (၇၁.၄၃)%လည်း ရှိထားခဲ့ပါတယ်။ ဒီလို ရလဒ်ကောင်းတွေ ရယူထားနိုင်တဲ့ ဘီယဲလ်ဆာ လက်ထက်မှာ ဥရုဂွေးအသင်း ဘယ်လောက်အထိ အောင်မြင်နိုင်မလဲဆိုတာ ဆက်လက် စောင့်ကြည့်သွားရပါမယ်။