ဆောင်းရာသီရဲ့ ဘောလုံးသမားအပြောင်းအရွေ့ကာလကိုတော့ ဇန်နဝါရီလ(၁)ရက်နေ့ကနေ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာက စျေးကွက်ဖွင့်ခါစပဲ ရှိနေသေးတာကြောင့် အပြောင်းအရွေ့တွေက ထင်သလောက် ဖြစ်ပေါ်နေသေးခြင်းမရှိပဲ ခပ်စိတ်စိတ်လေးသာ ဖြစ်ပေါ်လို့နေပါတယ်။ ဒီရက်ပိုင်းလေးအတွင်းမှာ ဖြစ်ပေါ်လာခဲ့တဲ့ အပြောင်းအရွေ့တချို့ကိုလည်း စုစည်းဖော်ပြလိုက်ပါတယ်ခင်ဗျာ။

ဘိုရီနီ

အသက်(၂၉)နှစ်အရွယ်ရှိ အီတလီလက်ရွေးစင်ဟောင်း ဖာဘီယိုဘိုရီနီကတော့ အသင်းလက်မဲ့ ဖြစ်နေရာကနေ တူရကီကလပ်အသင်းတစ်သင်းဖြစ်တဲ့ Karagumruk အသင်းဆီကို အလွတ်ပြောင်းရွေ့ကြေးနဲ့ ပြောင်းရွေ့သွားခဲ့ပြီဖြစ်ပါတယ်။ ချယ်လ်ဆီးအကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ ဘိုရီနီဟာ လီဗာပူးလ် မီလန် ရိုးမားအသင်းတွေမှာလည်း ပါဝင်ခဲ့ဖူးသူဖြစ်ပါတယ်။

ယော်ကွင်းမဲလ်

အသက်(၂၃)နှစ်အရွယ်ရှိ ဒိန်းမတ်ညာနောက်ခံကစားသမား ယော်ကွင်းမဲလ်ကတော့ KRC ဂျန့်အသင်းကနေ စီးရီးအေကလပ် အတ္တလန်တာအသင်းဆီကို ပြောင်းရွေ့ကြေး ယူရို(၁၁)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ယော်ကွင်းမဲလ်ဟာ အခုနှစ်ရဲ့ ဆောင်းစျေးကွက်အတွင်းမှာတော့ လက်ရှိအချိန်အထိ ပြောင်းရွေ့ကြေးအမြင့်ဆုံး ကစားသမားတစ်ယောက် ဖြစ်လို့နေပါတယ်။

ဝီလီယံဆလီဘာ

အာဆင်နယ်အသင်းရဲ့ ဆယ်ကျော်သက် ပြင်သစ်နောက်ခံကစားသမားလေး ဝီလီယံဆလီဘာကတော့ လီဂူးကလပ် နိုက်စ်အသင်းဆီကို ရာသီကုန်အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။ စိန့်အက်တီယန်ကနေ အာဆင်နယ်ကို ယူရိုသန်း(၃၀)ဝန်းကျင်လောက်နဲ့ ရောက်ရှိလာခဲ့တဲ့ ဆလီဘာဟာ အာဆင်နယ်မှာ အခုအချိန်ထိကို မယ်မယ်ရရ မကစားရသေးပဲ လူငယ်အသင်းမှာသာ ပါဝင်ကစားနေရသူဖြစ်ပါတယ်။

နိုင်ဂိုလန်

ဝါရင့်ဘယ်ဂျီယံ ကွင်းလယ်ကစားသမားကြီး နိုင်ဂိုလန်ကတော့ အင်တာမီလန်ကနေ ကာဂလီယာရီအသင်းဆီကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။ စီးရီးအေပြိုင်ပွဲမှာ မကြာခဏ ကျင်လည်ခဲ့ဖူးတဲ့ နိုင်ဂိုလန်ဟာ ကာဂလီယာရီမှာ စတုတ္ထအကြိမ်အဖြစ် လာရောက်ကစားခဲ့တာလည်းဖြစ်ပါတယ်။