ဒီနေ့ဟာ Transfer Deadline Day ဖြစ်လို့ နွေစျေးကွက်နောက်ဆုံးရက်အတွင်း ဖြစ်ပေါ်နေတဲ့ ကစားသမားအပြောင်းအရွှေ့တွေနဲ့ပတ်သက်တဲ့ နောက်ဆုံးရစိတ်ဝင်စားဖွယ်သတင်းများကို တစုတစည်းတည်း ဖော်ပြသွားပါမယ်ခင်ဗျာ။

အင်တာမီလန်အသင်းဟာ သူတို့ရဲ့နောက်ခံကစားသမား မီလန်ရှကရီညာကို သူတို့အလိုရှိနေတဲ့ ပြောင်းရွှေ့ကြေးအတိုင်း စပါးဘက်ကနေ ထပ်တိုးမကမ်းလှမ်းလာနိုင်တဲ့အတွက် ကစားသမားကို အသင်းမှာပဲ ဆက်လက်ထားရှိသွားတော့မယ်လို့ ထုတ်ပြန်ထားခဲ့ပါတယ်။

အတ္တလန်တာအသင်းဟာ သူတို့ရဲ့ ဆယ်ကျော်သက်အရွှယ် လူငယ်ကြယ်ပွင့်လေး အာမတ်ထရာအိုရေးကို ပါးမားအသင်းဆီ တစ်ရာသီအငှားချသွားဖို့ စီစဉ်ထားခဲ့ပေမယ့်လည်း အပြောင်းအရွှေ့နောက်ဆုံးနေ့မှ စိတ်ကူးပြောင်းသွားခဲ့ရပြီး ကစားသမားကို လာမယ့်ဇန်နဝါရီလအထိ အသင်းမှာ ဆက်လက်ထားရှိဖို့ကိုပဲ ဆုံးဖြတ်ခဲ့ပါတယ်။

လိဒ်စ်ယူနိုက်တက်အသင်းဟာ ရန်းနက်စ်အသင်းရဲ့ ဘရာဇီးတောင်ပံကစားသမား ရာပင်ဟာကို ခေါ်ယူသွားဖို့အတွက် သဘောတူညီမှု ရယူနိုင်ခဲ့ပြီဖြစ်လို့ ဒီနေ့မှာပဲ အသင်းနဲ့ ဆေးစစ်မှုတွေ ခံယူဖွယ်ရှိတယ်လို့ သိရပါတယ်။ ရာပင်ဟာရဲ့ပြောင်းရွှေ့ကြေးက စုစုပေါင်း ပေါင်သန်း(၂၀)လောက် ကျသင့်ဖွယ်ရှိတယ်လို့လည်း သိထားရပါတယ်။

အဲဗာတန်အသင်းမှာ ပုံမှန်ကစားခွင့်တွေ ပျောက်ဆုံးလို့နေတဲ့ အင်္ဂလန်လက်ရွေးစင်ဟောင်း တောင်ပံတိုက်စစ်ကစားသမား သီအိုဝေါ့ကော့ကို သူရဲ့အသင်းဟောင်း ဆောက်သမ်တန်အသင်းအပြင် ခရစ္စတယ်ပဲလေ့စ် ဝက်စ်ဟမ်းအသင်းတို့ကပါ စိတ်ဝင်စားနေကြပြီး တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့ ပြင်ဆင်လျက်ရှိနေပါတယ်။

အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစားသမား မက်တီအိုဂွမ်ဒူဇီဟာ ဂျာမန်ဘွန်ဒစ်လီဂါကလပ် ဟာသာဘာလင်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လျက်ရှိနေပြီး အာဆင်နယ်နည်းပြအာတီတာကိုယ်တိုင်ကလည်း ဂွမ်ဒူဇီကို အသင်းကနေ ထွက်ခွာစေချင်နေပါတယ်။ အာဆင်နယ်အသင်းဟာ အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ ကွင်းလယ်ပိုင်းအတွက် ဂျော်ဂျင်ဟိုနဲ့ သောမတ်စ်ပါတေးတို့နှစ်ယောက်ထဲက တစ်ယောက်ယောက်ကို ခေါ်ယူသွားဖွယ် ရှိနေပါတယ်။