ဒီနေ့ ဧပြီလ(၂၂)ရက်နေ့မှာ ရရှိလို့ထားတဲ့ စိတ်ဝင်စားဖွယ်ရာ နောက်ဆုံးရ ဘောလုံးသတင်းဦးသတင်းထူးများအကြောင်းကို စုစည်းပြီး ကျွန်တော်တို့ရဲ့ MySport Myanmar ပရိသတ်တွေအတွက် တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။ ဒီနေ့မှာလည်း ပရိသတ်တွေအတွက် အသစ်လွင်ဆုံးဖြစ်နေမယ့် အပြောင်းအရွှေ့သတင်းတွေကိုပဲ သီးသန့်တင်ဆက်ပေးချင်ပါတယ်ဗျာ။ ဘယ်ကစားသမားတွေရဲ့အကြောင်းတွေပါဝင်နေမလဲဲဆိုတာ လေ့လာကြည့်လိုက်ပါဦးနော်။

 

နယ်သာလန်နိုင်ငံ ဝန်ကြီးချုပ် မတ်ရူတာက ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် သူတို့နိုင်ငံအတွင်းမှာ ကျင်းပပြုလုပ်နေလျက်ရှိတဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးပြိုင်ပွဲတွေအားလုံးကို လာမယ့်စက်တင်ဘာလ (၁)ရက်နေ့အထိ ရွှေ့ဆိုင်းထားလိုက်ပြီဖြစ်ကြောင်း အရေးကြီးထုတ်ပြန်ချက်တစ်ခု ပြုလုပ်ခဲ့ရာ နာမည်ကျော် နယ်သာလန်အမှတ်ပေးလိဂ်ပြိုင်ပွဲကြီး အယ်ရာဒီဗီဆီစ်ရဲ့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ ပြိုင်ပွဲကိုပါ အဆုံးသတ်ရနိုင်တဲ့ အခြေအနေအထိပါ ရောက်ရှိသွားခဲဲ့ရပါတယ်။

ရိုးမားအသင်းဟာ ဒီနှစ်ဘောလုံးရာသီအစမှာ မန်ချက်စတာယူနိုက်တက်အသင်းကနေ အငှားနဲ့ခေါ်ယူထားတဲ့ နောက်ခံကစားသမား ခရစ်စမောလင်းနဲဲ့ အာဆင်နယ်အသင်းကနေ အငှားနဲ့ခေါ်ယူထားတဲ့ အာမေနီးယား ကွင်းလယ်ကစားသမား ဟင်းနရစ်မစ်ခီတာရန်တို့ (၂)ဦးလုံးကို လာမယ့်ဇွန်လ(၃၀)ရက်နေ့အထိ အငှားစာချုပ်နဲ့ ဆက်လက်ခေါ်ယူထားဖို့အတွက် ယူနိုက်တက်နဲ့အာဆင်နယ်အသင်းတို့ဆီကနေ သဘောတူညီမှု ရယူနိုင်ခဲ့ပါတယ်။

မိုနာကိုအသင်းရဲ့ ဝါရင့်စပိန်ကွင်းလယ်ဖန်တီးရှင်ကစားသမား ဖာဘရီဂတ်စ်ဟာ သူရဲ့စီနီယာကစားသမားတွေလို အမေရိကန်က မေဂျာလိဂ်ဘောလုံးပြိုင်ပွဲအတွင်း ဝင်ရောက်ကစားဖို့ စိတ်ဝင်စားလျက်ရှိနေတယ်လို့ ဝန်ခံပြောဆိုလာခဲ့ပြီး ဖာဘရီဂတ်စ်ကိုလည်း ဒေးဗစ်ဘက်ခမ်းပိုင်ဆိုင်တဲ့ အင်တာမိုင်ယာမီအသင်းကနေ ခေါ်ယူဖို့ ပစ်မှတ်ထားလို့နေပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဘာစီလိုနာအသင်းရဲ့ ဘရာဇီးတိုက်စစ်ကစားသမား ဖီလစ်ပီကော်တင်ဟိုကို ခေါ်ယူဖို့အတွက် ချယ်လ်ဆီးနဲ့ ဘာစီလိုနာအသင်းတို့ကြားမှာ ဆွေးနွေးမှုတွေ စတင်ပြုလုပ်နေပြီဖြစ်တယ်လို့ Sport သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။ ဘာစီလိုနာက ကော်တင်ဟိုကို အပြီးသတ်ရောင်းချချင်နေပေမယ့် ချယ်လ်ဆီးကတော့ ကော်တင်ဟိုကို အငှားနဲ့သာ ခေါ်ယူချင်နေပါတယ်။