ဒီနေ့ ဧပြီလ(၁၉)ရက်နေ့မှာ ရရှိလို့ထားတဲ့ စိတ်ဝင်စားဖွယ်ရာ နောက်ဆုံးရ ဘောလုံးသမားအပြောင်းအရွှေ့သတင်းများအကြောင်းကို စုစည်းပြီး ကျွန်တော်တို့ရဲ့ MySport Myanmar ပရိသတ်တွေအတွက် တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။ ဒီနေ့မှာလည်း ပရိသတ်တွေအတွက် အသစ်လွင်ဆုံးဖြစ်နေမယ့် အပြောင်းအရွှေ့သတင်းတွေကိုပဲ သီးသန့်တင်ဆက်ပေးချင်ပါတယ်ဗျာ။ ဘယ်ကစားသမားတွေရဲ့အကြောင်းတွေပါဝင်နေမလဲဲဆိုတာ လေ့လာကြည့်လိုက်ပါဦးနော်။

ပြင်သစ်လီဂူးကလပ် မိုနာကိုအသင်းဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ နာပိုလီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဘယ်ဂျီယံလက်ရွေးစင် တိုက်စစ်ကစားသမား ဒရီးစ်မာတန်စ်ကို ခေါ်ယူဖို့အတွက် အဆင့်သင့်ဖြစ်လို့နေပြီး မာတန်စ်ကို နာပိုလီအသင်းဘက်ကနေ ပေးချေနေတဲ့ လစာထက် (၂)ဆလောက်များပြားတဲ့ လစာပမာဏနဲ့ ကမ်းလှမ်းဖွယ်ရှိနေပါတယ်။

အင်တာမီလန်အသင်းရဲ့ တိုက်စစ်ကစားသမား လူကာကူဟာ သူရဲ့တွစ်တာစာမျက်နှာပေါ်မှာ ပြုလုပ်ခဲဲ့တဲ့ အမေးအဖြေအစီအစဉ်မှာ သူ့အနေနဲ့ သူရဲ့အသင်းဟောင်းဖြစ်တဲ့ ဘယ်ဂျီယံထိပ်သီးကလပ် အန်ဒါလက်ချ်မှာ ပြန်လည်ကစားချင်သလို လာမယ့်အနာဂတ်အတွင်း အမေရိကန် မေဂျာလိဂ်ဘောလုံးပြိုင်ပွဲမှာလည်း သွားရောက်ကစားချင်တယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

လတ်တလောမှာ အနာဂတ်မရေမရာဖြစ်လို့နေပြီး အသင်းဟောင်း ဘာစီလိုနာအသင်းဆီ ပြန်လည်ရောက်ရှိဖို့ သတင်းထွက်နေတဲ့ နေမာကို ပီအက်စ်ဂျီအသင်းကနေ စာချုပ်သက်တမ်းတိုးဖို့ ပြင်ဆင်လျက်ရှိနေပြီး The Sun သတင်းမီဒီယာရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီအသင်းဟာ သူတို့ရဲ့ ဘရာဇီးတိုက်စစ်ကစားသမားအတွက် တစ်ပတ်လုပ်ခ ပေါင်(၆၄၀၀၀၀)နဲ့ စာချုပ်သက်တမ်းတိုးဖွယ်ရှိနေပါတယ်။

ရီးရဲလ်နည်းပြဇီဒန်းရဲ့သားဖြစ်သူ အသက်(၂၁)နှစ်အရွှယ်ရှိ လူးကပ်ဇီဒန်းဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲဲ့ စာချုပ်သက်တမ်း တိုးမြှင့်သွားတော့မှာမဟုတ်ဘူးလို့ Marca သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။ ဒီလူငယ်ဂိုးသမားလေးဟာ လက်ရှိ ရီးရဲလ်အသင်းကနေ ရေးဆင်းအသင်းမှာ အငှားနဲ့သွားရောက်ကစားလို့နေပြီး အငှားသက်တမ်းကုန်ချိန်မှာ ရီးရဲလ်နဲ့ လမ်းခွဲဖွယ်ရှိနေပါတယ်။