အရင်တုန်းက နေ့စဉ်နေ့တိုင်း တင်ဆက်ပေးနေကြ နောက်ဆုံးရ ဘောလုံးသမား အပြောင်းအရွှေ့သတင်းများ စုစည်းတင်ဆက်မှု အစီအစဉ်ကို ပြန်လည်တင်ဆက်ပေးဖို့ စီစဉ်လိုက်ပါတယ်။ ကျွန်တော်တို့ရဲ့ပေ့ချ်မှာ သတင်းတွေ နည်းပါးသွားတာကတော့ လက်ရှိဖြစ်ပွားနေတဲ့ ကပ်ရောဂါရဲ့နောက်ဆက်တွဲ စီးပွားရေးအခြေအနေတွေကြောင့် ဖြစ်တယ်ဆိုတာ ချစ်ပရိသတ်ကြီးတွေ နားလည်ပေးစေချင်ပါတယ်။ ဒါပေမယ့် အတတ်နိုင်ဆုံးတော့ အကောင်းဆုံးတင်ဆက်မှုတွေနဲ့ MySport Myanmar က ညီအစ်ကိုတို့အတွက် ဆက်လက်ရပ်တည်နေမှာပါခင်ဗျာ။ ကဲ…ဒီနေ့အတွက် သတင်းတွေကို လေ့လာကြည့်ရအောင်ဗျာ။

အင်တာမီလန်အသင်းက ဘာစီလိုနာ ချယ်လ်ဆီး မန်စီးတီးအသင်းတို့ကနေ စိတ်ဝင်စားနေကြတဲ့ သူတို့ရဲ့တိုက်စစ်ကစားသမား လော်သာရိုမာတီနက်ဇ်ကို ရောင်းထုတ်ရမယ်ဆိုရင် မာတီနက်ဇ်နေရာမှာ အစားထိုးဖို့အတွက် မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး အန်တိုနီမာစီယဲလ်နဲ့ လိုက်ပ်ဇစ်တိုက်စစ်ကစားသမား တီမိုဝါနာတို့ကို ပစ်မှတ်ထားလို့နေပါတယ်။

Calcio Mercato သတင်းမီဒီယာရဲ့ဖော်ပြချက်အရ စပါးအသင်းဟာ အသင်းနဲ့လက်တွဲဖြုတ်တော့မယ့် ဝါရင့်နောက်ခံလူ ဗာတွန်ဂန်နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် အင်တာမီလန်အသင်းရဲ့ ခံစစ်ကစားသမားကြီး ဒီယေဂိုဂိုဒင်ကို ပစ်မှတ်ထားလျက်ရှိနေကာ စပါးနည်းပြ မော်ရင်ဟိုကလည်း ဂိုဒင်ကို အသက်လက်တီကိုအသင်းမှာ ကစားခဲ့စဉ်ကတည်းက စိတ်ဝင်စားနေခဲ့တာဖြစ်ပါတယ်။

အဲဗာတန်အသင်းက လာမယ့်ဘောလုံးရာသီမှာ အသင်းရဲ့တိုက်စစ်ကို အင်အားမြင့်တင်နိုင်ဖို့အတွက် တိုရီနိုအသင်းရဲ့ အီတလီလက်ရွေးစင်တိုက်စစ်ကစားသမား ဘယ်လော့တီကို အထူးပစ်မှတ်ထားလို့နေပါတယ်။ လက်ရှိ အဲဗာတန်အသင်းကို ဝါရင့်အီတလီနည်းပြကြီး အန်စလော့တီကိုင်တွယ်နေတာကြောင့် ဒီအပြောင်းအရွှေ့ဖြစ်လာနိုင်ခြေက များလို့နေပါတယ်။

ဒေါ့မွန်အသင်းကတော့ သူတို့ရဲ့အဓိကပစ်မှတ်ဖြစ်နေတဲ့ အသက်(၁၆)နှစ်အရွှယ်ရှိ ဆယ်ကျော်သက် ကစားသမားလေး ဘယ်လင်ဟမ်ကို ဘာမင်ဂမ်စီးတီးအသင်းကနေ ခေါ်ယူနိုင်ဖို့ ယုံကြည်လျက်ရှိနေပါတယ်။ ဒီကြယ်ပွင့်လေးကို ဒေါ့မွန်နဲ့အပြိုင် မန်ချက်စတာယူနိုက်တက်အသင်းကနေလည်း အပြိုင်စိတ်ဝင်စားနေပေမယ့် ယူနိုက်တက်ကိုကျော်လွန်ပြီး ဘယ်လင်ဟမ်ကို အရခေါ်နိုင်မယ်လို့ ဒေါ့မွန်ဘက်ကနေ ယုံကြည်နေပါတယ်။