နွေစျေးကွက်ရဲ့ အပြောင်းအရွှေ့ကာလက လက်ရှိအချိန်မှာ ပိတ်သိမ်းသွားခဲ့ပြီဖြစ်ပေမယ့်လည်း အင်္ဂလန်မှာဆို ပရီးမီးယားလိဂ်ကလွဲပြီး အောက်ပိုင်းပြိုင်ပွဲတွေက အပြောင်းအရွှေ့တွေ လုပ်နိုင်သေးသလို ပရီးမီးယားလိဂ်ကလပ်တွေကပါ အောက်တန်းအသင်းတွေက ကစားသမားတွေကို ခေါ်ယူနိုင်ပါသေးတယ်။ ဒါ့အပြင် စျေးကွက်မပိတ်သိမ်းသေးတဲ့ လိဂ်ပြိုင်ပွဲတွေလည်း ရှိနေသေးတာဖြစ်လို့ ဒီရက်ပိုင်းအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ဘောလုံးသမားအပြောင်းအရွှေ့များ (Completed Transfer များ)အကြောင်းကို ဖော်ပြပေးသွားချင်ပါတယ်။

ပက်ထရစ်ရောဘတ်စ်

အသက်(၂၃)နှစ်အရွှယ်ရှိ မန်စီးတီးအသင်းရဲ့လူငယ်တောင်ပံကစားသမား ပက်ထရစ်ရောဘတ်စ်ကတော့ ဖူလ်ဟမ်အသင်းကနေ မန်စီးတီးကို ရောက်ရှိလာပြီးနောက်ပိုင်းကတည်းက ကလပ်အသင်းပေါင်းစုံမှာ အငှားထွက်ကစားခဲ့ရသလို အခုလည်း ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့ကို အငှားနဲ့ ထပ်မံပြောင်းရွှေ့ခဲ့ပါတယ်။

ခရိတ်ဒေါ့ဆန်

ဝါရင့်နောက်ခံကစားသမားကြီး ခရိတ်ဒေါ့ဆန်ကတော့ ဝက်ဖိုဒ့်အသင်းကနေ ဝက်စ်ဟမ်းယူနိုက်တက်အသင်းဆီကို တစ်ရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပြီဖြစ်ပါတယ်။ အသက်(၃၀)အရွှယ်ရှိ ဗဟိုနောက်ခံလူ ဒေါ့ဆန်ဟာ ပရီးမီးယားလိဂ်ရဲ့ အတွေ့အကြုံရှိ ကစားသမားတစ်ယောက်ဖြစ်ကာ ဝက်ဘရွန်း ဘော်တန်နဲ့ ဝက်ဖိုဒ့်အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးပါတယ်။

ကော်လန်မက်နာမန်

ဝီဂန်အသင်းနဲ့အတူ ၂၀၀၉ခုနှစ်တုန်းက အက်အေဖလားကို ပိုင်ဆိုင်ခဲ့ဖူးတဲ့ ညာတောင်ပံကစားသမား မက်နာမန်ဟာ အခုဆိုရင် အသင်းလက်မဲ့ဖြစ်နေရာကနေ အေလိဂ်လို့ လူသိများကြတဲ့ သြစတြေးလိဂ်ရဲ့ နာမည်ကျော်အသင်းဖြစ်တဲ့ မဲလ်ဘုန်းဗစ်ထရီအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

ဗစ်တာမော့ဆက်စ်

ချယ်လ်ဆီးအသင်းကနေ မကြာခဏ အငှားချခံနေရတဲ့ ကစားသမားတွေစာရင်းထဲမှာ တစ်ယောက်အပါအဝင်ဖြစ်လို့နေတဲ့ ကွင်းလယ်ကစားသမား ဗစ်တာမော့ဆက်စ်ဟာ ဒီရာသီမှာလည်း ရုရှားကလပ် စပါးတပ်မော်စကိုအသင်းဆီကို တစ်ရာသီအငှားစာချုပ်နဲ့ ထပ်မံပြောင်းရွှေ့ခဲ့ပြန်ပြီဖြစ်ပါတယ်။

ကာလန်ဂရန့်

ဟတ်စ်ဒါဖီးလ်အသင်းရဲ့ အသက်(၂၃)နှစ်အရွှယ် တိုက်စစ်ကစားသမား ကာလန်ဂရန့်ကိုတော့ ဝက်ဘရွန်းအသင်းကနေ ပြောင်းရွှေ့ကြေး ပေါင်(၁၅)သန်းနဲ့အတူ (၆)နှစ်စာချုပ်နဲ့ အပြီးသတ်ခေါ်ယူလိုက်ပြီဖြစ်ကာ ကျောနံပါတ်(၁၆)ကို ဝတ်ဆင်သွားမှာဖြစ်ပါတယ်။