ဘွန်ဒက်လီဂါ နာမည်ကြီး အသင်းဖြစ်တဲ့ လိုက်ပ်ဇစ်အသင်းရဲ့ အဓိက နောက်ခံလူ ဖြစ်တဲ့ လူငယ် ခံစစ် ကစားသမား အူပါမီကာနိုဟာ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ သူ့ရဲ့ အနာဂတ်ကို ဆုံးဖြတ်မှာ ဖြစ်ကြောင်း ဂျာမန် အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက အခိုင်အမာ ဖော်ပြ သွားခဲ့ပါတယ်။ အသက် ၂၂နှစ် အရွယ် ပြင်သစ် လက်ရွေးစင် လူငယ် နောက်ခံလူ အူပါမီကာနိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ပြီး ဥရောပ ဘောလုံးစင်မြင့်ပေါ်မှာ နေရာရလာတဲ့ ကစားသမား တစ်ဦးဖြစ်ပြီး လိုက်ပ်ဇစ်အသင်းကို သမိုင်းတစ်လျှောက် ပထမဦးဆုံး အကြိမ်အဖြစ် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်အထိ ပို့ဆောင်ပေးခဲ့တဲ့ ကစားသမားတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit: Football London

ဒါ့ကြောင့်ပဲ ပြီးခဲ့တဲ့ နွေရာသီ ဈေးကွက် အတွင်းမှာ အူပါမီကာနိုကို ခေါ်ယူဖို့ ကြိုးစားလာတဲ့ အသင်းတွေ ရှိခဲ့ပြီး အူပါမီကာနို ကတော့ နွေဈေးကွက် မစတင်မီမှာ လိုက်ပ်ဇစ်အသင်းနဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်အရ အသင်းမှာ နောက်ထပ် တစ်ရာသီ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အူပါမီကာနိုနဲ့ လိုက်ပ်ဇစ်အသင်းတို့ ချုပ်ဆိုခဲ့တဲ့ စာချုပ်သစ် အရ ယခု ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ အူပါမီကာနိုကို ခေါ်ယူချင်တဲ့ အသင်းတွေဟာ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၄၀သန်း ပေးချေရုံနဲ့ အူပါမီကာနိုကို ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဂျာမန် နာမည်ကြီး သတင်းထောက် တစ်ဦးဖြစ်တဲ့ Cristian Falkရဲ့ အဆိုအရတော့ အူပါမီကာနို ဟာ လာမယ့် နွေရာသီ ရောက်မှသာ အသင်းပြောင်းမှာ ဖြစ်ပေမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ကတည်းက သူပြောင်းမယ့် အသင်းကို ရွေးချယ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

Photo Credit: Football London

လက်ရှိမှာတော့ အူပါမီကာနိုကို ခေါ်ယူဖို့ အတွက် နာမည်ကြီး ပရီးမီးယားလိဂ် အသင်းတွေ ဖြစ်တဲ့ လီဗာပူးအသင်း ၊ မန်ချက်စတာ ယူနိုက်တက်အသင်း ၊ မန်စီးတီးအသင်းနဲ့ အာဆင်နယ်အသင်း တို့က စိတ်ဝင်စား နေကြသလို ပြင်သစ် အင်အားကြီး အသင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းနဲ့ ဂျာမန် အင်အားကြီး အသင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ် အသင်းတို့ကလည်း အူပါမီကာနိုကို ချဉ်းကပ် နေကြပါတယ်။ Falk ရဲ့ အဆို အရတော့ အူပါမီကာနိုကို ခေါ်ယူချင်တဲ့ အသင်းတွေဟာ ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ကတည်းက အူပါမီကာနိုနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူထားနိုင်မှာ ဖြစ်သလို အကြို သဘောတူညီမှု စာချုပ် ကိုလည်း ချုပ်ဆိုနိုင်မှာ ဖြစ်ကြောင်း သိရှိရပါတယ်။ ဒါ့အပြင် Falk က ဘိုင်ယန်မြူးနစ် အသင်းဟာ အူပါမီကာနိုကို ခေါ်ယူချင်ပေမယ့် သူ့ရဲ့ စာချုပ် ဖျက်သိမ်းကြေးဟာ များပြားနေတယ် လို့ ယူဆနေကြောင်း ပြောကြား ခဲ့ပါသေးတယ်။