ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းရဲ့ နည်းပြ ဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားဟာ ဘွန်ဒက်လီဂါကလပ် လစ်ဇက်အသင်းရဲ့ အဓိက နောက်ခံလူ အူပါမီကာနိုကို ခေါ်ယူဖို့ အတွက် စတင် ကြိုးစားလာတယ် လို့ ဂျာမန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။ မန်ယူအသင်းဟာ ယခုရက်ပိုင်းမှာပဲ သူတို့အသင်းရဲ့ အသင်းကြီး အတွက် ပထမဦးဆုံး နွေရာသီ ခေါ်ယူမှုအဖြစ် နယ်သာလန် ကလပ် အေဂျက်အသင်းရဲ့ ကွင်းလယ်လူ ဗန်ဒီဘိခ်ကို ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း အသုံးပြုကာ ခေါ်ယူနိုင်ခဲ့ အပြီးမှာတော့ ဒုတိယမြောက် နွေရာသီ ခေါ်ယူမှုအဖြစ် အူပါမီကာနိုကို ခေါ်ယူဖို့ မျက်စိကျလာတာလည်း ဖြစ်ပါတယ်။

Photo Credit: Mirror

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ် လူငယ် ခံစစ်မှူး အူပါမီကာနိုဟာ ဥရောပရဲ့ အလားအလာ အရှိဆုံး လူငယ် နောက်ခံလူတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပြသခဲ့တဲ့ သူ့ရဲ့ ခြေစွမ်းကောင်းတွေ ကြောင့် ဥရောပ အသင်းကြီးတွေဟာ သူ့ကို ခေါ်ယူဖို့ စောင့်ကြည့်မှုတွေ ပြုလုပ် လာကြပါတယ်။ လစ်ဇက်အသင်း ကတော့ ဇူလိုင်လ ၃၁ ရက်နေ့မှာကတည်းက အူပါမီကာနိုကို ၂၀၂၃ ခုနှစ်အထိ သက်တမ်း ရှိတဲ့ စာချုပ်သစ် တစ်ခု ချုပ်ဆိုထားခဲ့ပြီး အဆိုပါ စာချုပ်မှာ စာချုပ်ဖျက်သိမ်းကြေး ပါဝင်နေပေမယ့် အဆိုပါ စာချုပ်ဖျက်သိမ်းကြေးဟာ လာမယ့် နွေစျေးကွက်မှသာ စတင် အသက်ဝင်မှာလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် မန်ယူအသင်း အနေနဲ့ လက်ရှိ နွေစျေးကွက်အတွင်းမှာ အူပါမီကာနိုကို ခေါ်ယူဖို့ ခက်ခဲနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။

Photo Credit: Mirror

ဒါပေမယ့် နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ Times သတင်းဌာနရဲ့ အဆိုအရတော့ မန်ယူအသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှား ဟာ အူပါမီကာနိုကို လက်ရှိ နွေစျေးကွက် အတွင်းမှာပဲ ခေါ်ယူကာ အသင်းခေါင်းဆောင် မက်ဂွိုင်းယားနဲ့ တွဲဖက်ပြီး အသင်းရဲ့ ခံစစ်ကြောင်းမှာ အသုံးပြုလိုနေတယ် လို့ သိရပါတယ်။ အူပါမီကာနိုရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ လာမယ့် နွေစျေးကွက်မှာ ဆိုရင် ယူရို ၄၀သန်းသာ ရှိပေမယ့်လက်ရှိ နွေစျေးကွက် အတွင်းမှာ ဆိုရင်တော့ ယူရို ၆၀ သန်း ဝန်းကျင် အထိ ရှိနိုင်တယ်လို့လည်း ဂျာမန်အခြေစိုက် သတင်းထောက်တွေက ဖော်ပြထားကြပါတယ်။ မန်ယူအသင်းကတော့ အူပါမီကာနို အတွက် ပြောင်းရွှေ့ကြေးကို ယူရို ၆၀ သန်း ဝန်းကျင်အထိ အသုံးမပြုလိုပဲ အူပါမီကာနိုရဲ့ လာမယ့်နွေစျေးကွက်မှာ ရှိမယ့် စာချုပ် ဖျက်သိမ်းကြေးထက် အနည်းငယ် ပိုမိုများပြားတဲ့ ပမာဏ တစ်ခု ဖြစ်တဲ့ ပြောင်းရွှေ့ကြေး ပေါင် ၃၇.၅ သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်မည် ဖြစ်ကာ သူတို့အသင်းရဲ့ ကမ်းလှမ်းမှုကို လစ်ဇက်အသင်းဘက်က လက်ခံလိမ့်မယ်လို့ ယုံကြည်နေကြောင်း Times သတင်းဌာနက ဆိုပါတယ်။