မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ သူတို့ရဲ့ အဓိက ဂိုးသမား အန်ဒရေ အိုနာနာရဲ့ အမှားအယွင်းတွေကြောင့် အသင်းအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် စံချိန်သစ် တစ်ခုကိုပါ ပိုင်ဆိုင်သွားခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ချန်ပီယံလိဂ် ဖိုင်နယ်အထိ ရောက်ရှိခဲ့တဲ့ အင်တာမီလန်အသင်းရဲ့အဓိက ကစားသမားတစ်ဦး ဖြစ်ခဲ့ရသူ ဂိုးသမား အိုနာနာကို သူရဲ့ ဆရာဟောင်း အဲရစ် တန်ဟက်ဂ်က ဒီနွေမှာပဲ မန်ယူနိုက်တက်အသင်းဆီ ပေါင် (၄၇.၂)သန်းနဲ့ အရ ခေါ်ယူခဲ့ပါတယ်။

Photo Credit : The Sun

ယူနိုက်တက်မှာ ဆယ်စုနှစ် တစ်ခုထိ ကျင်လည်ခဲ့တဲ့ ဂိုးသမား ဒီဂီယာကို လက်လွတ်ပြီး အိုနာနာနဲ့ ပြန်လည် အစားထိုးခဲ့တဲ့ တန်ဟက်ဂ်ရဲ့ ပြင်ဆင်မှုကတော့ လက်ရှိ အသင်းက ချန်ပီယံလိဂ် အုပ်စုပွဲ (၅)ပွဲ ကစားပြီးချိန် (၁၄)ဂိုးအထိ ခွင့်ပြုထားရပြီး ပြီး ဒါဟာ ချန်ပီယံလိဂ်ကို ဝင်ရောက် ဆင်နွဲခဲ့တဲ့ အင်္ဂလန် ကလပ်အသင်းများထဲကမှ အုပ်စုအဆင့် ပွဲစဉ်တွေအတွင်း ပေးဂိုးအများဆုံး အရေအတွက်ပါ ဖြစ်သွားခဲ့ရပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းက ချန်ပီယံလိဂ်မှာ Clean Sheets (၈)ပွဲထိ ရရှိအောင် စွမ်းဆောင်ထားခဲ့တဲ့ အိုနာနာဟာ ဒီရာသီမှာတော့ အင်တာလို ခံစစ် မာကြောမှုမရှိတဲ့ ယူနိုက်တက် ခံစစ်ပိုင်းနဲ့ တွဲဖက် ကစားနေရရင်း သူကိုယ်တိုင်ကပါ အမှားအယွင်းတွေ အရမ်း များလာခဲ့ပြီး ဂိုးတွေကလည်း သူ့ကြောင့် ခွင့်ပြုရတဲ့ ဂိုးတွေပါ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : The Telegraph

တကယ်တော့ ယူနိုက်တက်အသင်းဟာ ဒီရာသီ ချန်ပီယံလိဂ် အုပ်စုပွဲတိုင်းမှာ ဂိုးတွေ အများအပြား သွင်းယူထားနိုင်ခဲ့ပြီး ဘိုင်ယန်ဘက်ကိုု (၃)ဂိုး ကိုပင်ဟေဂင်ဘက်ကို နှစ်ကျော့ပေါင်း (၄)ဂိုး နဲ့ ဂါလာတာစာရေးဘက်ကိုလည်း နှစ်ကျော့ပေါင်း (၅)ဂိုးထိ သွင်းယူနိုင်ခဲ့ပါတယ်။

စုစုပေါင်း သွင်းဂိုး (၁၂)ဂိုးထိ သွင်းယူထားနိုင်ခဲ့ပေမယ့်လည်း အသင်းက ဦးဆောင်ထားနေချိန် ဒါမှမဟုတ် ပုံစံကောင်း ပြနေချိန်တွေမှာ ဂိုးသမား အိုနာနာရဲ့ လက်စွမ်းပိုင်း မတည်ငြိမ်မှုတွေကနေ ဂိုးတွေ ခွင့်ပြုခဲ့ရရင်း အခုဆိုရင် အသင်းက ချန်ပီယံလိဂ်မှာ အုပ်စုတက်ဖို့တောင် အတော်လေး ရုန်းကန်သွားရပါတော့မယ်။