မန်ချက်စတာ ယူနိုက်တက် အမျိုးသမီးအသင်းကတော့ ချန်ပီယံလိဂ် ပလေးအော့အဆင့်မှာ ပီအက်စ်ဂျီ အမျိုးသမီးအသင်းကို နှစ်ကျော့ပေါင်းရလဒ် (4-2) နဲ့ အရေးနိမ့်လိုက်ရတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့  လွဲချော်သွားခဲ့ရပြီပဲ ဖြစ်ပါတယ်။

ယူနိုက်တက် အမျိုးသမီးအသင်းဟာ ပီအက်စ်ဂျီ အမျိုးသမီးအသင်းနဲ့ ပထမအကျော့ ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ကစားခဲ့ရာ တစ်ဂိုးစီ သရေကျခဲ့ပေမယ့်လည်း ဒုကျော့ ပီအက်စ်ဂျီရဲ့ကွင်းတွင် ပြန်ကစားချိန်မှာတော့ (3-1) နဲ့ ရှုံးနိမ့်ရင်း ပလေးအော့အဆင့်နဲ့ပဲ ကျေနပ်လိုက်ရပါတယ်။

Photo Credit : Twitter X

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ယူနိုက်တက် အမျိုးသမီးအသင်းဟာ Women Super League ရဲ့ အဆင့်(၂)နေရာအထိ ရပ်တည်နိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲကို ပလေးအော့အဆင့်ကနေ ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။

ဒါပေမယ့် ကံဆိုးချင်တော့ အခုမှ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ပတ်သက်ပြီး စတင် ယှဉ်ပြိုင်ခွင့် ရရှိတဲ့ ယူနိုက်တက် အမျိုးသမီးအသင်းက ချန်ပီယံလိဂ် အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ပီအက်စ်ဂျီ အမျိုးသမီးအသင်းနဲ့ ပလေးအော့မှာ ထိပ်တိုက် ဆုံတွေ့ရကာ နှစ်ကျော့ပေါင်းရလဒ် (4-2) နဲ့ လှည့်ပြန်သွားခဲ့ရပါတယ်။

Photo Credit : The Mirror

လက်ရှိမှာ အင်္ဂလန် ကိုယ်စားပြု ကလပ်အသင်းတွေဖြစ်တဲ့ အာဆင်နယ် အမျိုးသမီးအသင်း နဲ့ မန်ယူနိုက်တက် အမျိုးသမီးအသင်းတို့ ချန်ပီယံလိဂ်ကို ခြေစစ်ပွဲအဆင့်နဲ့သာ ကျေနပ်လိုက်ရတာကြောင့် ချယ်လ်ဆီး အမျိုးသမီး တစ်သင်းတည်းကသာ အင်္ဂလန် ကိုယ်စားပြုအဖြစ် တစ်သင်းတည်းသာ ယှဉ်ပြိုင်သွားရပါတော့မယ်။

၂၀၁၈ခုနှစ်ကမှ စတင် ဖွဲ့စည်းခဲ့တဲ့ ယူနိုက်တက် အမျိုးသမီးအသင်းဟာ အဲ့ဒီနှစ်မှာပဲ ချန်ပီယံရှစ်ဖလား ရယူပြီး WSL ကို တက်လှမ်းနိုင်ခဲ့ကာ မနှစ်က ဘောလုံးရာသီမှာတော့ WSL အမှတ်ပေးဇယားရဲ့ အဆင့် (၂)နေရာအထိ အမြင့်ဆုံး တက်လှမ်းခဲ့သလို အက်ဖ်အေဖလားမှာလည်း ဖိုင်နယ်အဆင့်ထိ ရောက်ရှိခဲ့ပါတယ်။