MySport Myanmar

တောင်ပံကစားသမား အိုလီဆေးကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ပြီး ကြိုးပမ်းသွားမယ့် မန်ယူ

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လာမယ့်နွေမှာ ကစားသမားအင်အား ဖြည့်တင်းဖို့အတွက် ခရစ္စတယ် ပဲလေ့စ်အသင်းရဲ့ တောင်ပံကစားသမား မိုက်ကယ် အိုလီဆေးကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး ကြိုးပမ်းသွားဖို့ ရှိနေတယ်လို့ နာမည်ကြီး ဘောလုံးဂျာနယ်လစ်တွေက ဖော်ပြလာခဲ့ပါတယ်။

ယူနိုက်တက်အသင်းရဲ့ လက်ရှိ တိုက်စစ်အစုအဖွဲ့တွေထဲမှာ မားကပ်စ် ရပ်ရှ်ဖို့ဒ် ၊ အလက်ဟန်ဒရို ဂါနာချို ၊ အန်တိုနီ ၊ အာမတ် ဒီရယ်လ်လိုတို့လို တောင်ပံကစားသမားတွေ ရှိနေသလို ဂျေဒန် ဆန်ချိုနဲ့ ဖာကန်ဒို ပယ်လစ်စထရီတို့လို အငှားချထားတဲ့ winger တွေလည်း ရှိလို့နေပါတယ်။

Photo Credit : beIN SPORTS

ဒါပေမယ့်လည်း ဒီရာသီမှာတော့ ဂါနာချို တစ်ဦးတည်းလောက်သာ အသင်းအတွက် အားထားနေရပြီး ရပ်ရှ်ဖို့ဒ် အန်တိုနီတို့က ခြေစွမ်း တသမတ်တည်း ပြသနိုင်ခြင်း မရှိပဲ ဆန်ချို ပယ်လစ်စထရီတို့ဟာလည်း အသင်းကနေ ထွက်ခွာဖွယ် ရှိနေပါတယ်။ ဒါကြောင့် ယူနိုက်တက်က လာမယ့်နွေမှာ တောင်ပံကစားသမားသစ်တွေ ဖြည့်တင်းဖို့ စီစဉ်လာခဲ့ပါတယ်။

ယူနိုက်တက် အလိုရှိနေတဲ့ တောင်ပံကစားသမားတွေထဲမှာ ပဲလေ့စ်အသင်းရဲ့ အသက် (၂၂)နှစ်အရွယ် ညာတောင်ပံကစားသမား အိုလီဆေးလည်း ပါဝင်နေပါတယ်။ အိုလီဆေးက ဘယ်ညာ တောင်ပံနှစ်ဖက်လုံးမှာရော ကွင်းလယ်တိုက်စစ် နေရာမှာပါ လိုက်ပါကစားနိုင်တဲ့ အရည်အသွေးမြင့် ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit : Esteemed Company

အာဆင်နယ် ချယ်လ်ဆီးနဲ့ မန်စီးတီး လူငယ်အကယ်ဒမီတွေမှာ ပါဝင်ခဲ့ရင်း စီနီယာ ကစားသမားဘဝကို ရက်ဒင်းနဲ့ စတင်ခဲ့တဲ့ အိုလီဆေးက ၂၀၂၁ခုနှစ်မှာပဲ ပဲလေ့စ်ကို ရောက်ရှိလာခဲ့ပြီး အခုဆို ပဲလေ့စ်အတွက် (၈၇)ပွဲ ကစားထားကာ (၁၃)ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။ အိုလီဆေးဟာ ဒီရာသီအစမှပဲ ပဲလေ့စ်နဲ့ စာချုပ်သက်တမ်း တိုးမြှင့်ထားပြီး ၂၀၂၇ခုနှစ်မှသာ သူရဲ့စာချုပ်သက်တမ်းက ကုန်ဆုံးမှာ ဖြစ်ပါတယ်။

ဒီရာသီအစပိုင်းမှာ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့တဲ့ အိုလီဆေးဟာ ပဲလေ့စ်နဲ့ စာချုပ်သက်တမ်း တိုးမြှင့်ထားသည့်တိုင် စာချုပ်လျော်ကြေး ထည့်သွင်းထားတာမို့ လာမယ့်နွေမှာ အသင်းကနေ ထွက်ခွာနိုင်ဖွယ် ရှိပါတယ်။ ပဲလေ့စ်က အိုလီဆေးအတွက် စာချုပ်ဖျက်သိမ်းကြေးကို ပေါင် သန်း(၆၀)အထိ သတ်မှတ်ထားပြီး ယူနိုက်တက်ဘက်ကလည်း အဲ့ဒီတန်ကြေးအတိုင်းနဲ့ ကမ်းလှမ်းသွားဖို့ စီစဉ်နေပါတယ်။

Exit mobile version