မန်ချက်စတာ ယူနိုက်တက်အသင်းက ဒီနွေမှာ တော့တင်ဟမ် ဟော့စပါးအသင်းကနေ တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူထားတဲ့ စပိန် ဘယ်နောက်ခံ ကစားသမား ဆာဂျီယို ရယ်ဂီလွန်ကို အပြီးသတ် ခေါ်ယူသွားဖို့ ကြိုးပမ်းလာဖို့ ရှိနေတယ်လို့ သိရှိရပါတယ်။

ရီးယဲလ် ဆီဗီလာတို့လို လာလီဂါ ထိပ်သီးကလပ်တွေမှာ ကစားခဲ့ဖူးသူ ရယ်ဂီလွန်ဟာ ဒီရာသီမှာတော့ ယူနိုက်တက်အသင်းဆီ အငှားနဲ့ ရောက်ရှိလို့နေပြီး အသင်းအတွက် ကစားခွင့်ရတဲ့ ပွဲစဉ်တွေတိုင်းလိုလိုမှာ အကောင်းဆုံး ကြိုးစား ကစားပေးနိုင်လို့ နည်းပြအဖွဲ့ဝင်တွေသာမက အသင်းဖော်တွေနဲ့ အသင်းဝန်ထမ်းတွေပါ သဘောကျနေကြပါတယ်။

Photo Credit : TEAMtalk

လုခ်ရှော နဲ့ မာလာစီယာတို့လို ဘယ်နောက်ခံလူတွေ ဒဏ်ရာရရှိနေချိန်မှာ ဘယ်ခြမ်း ခံစစ်နေရာအတွက် ကစားသမားတစ်ဦး မဖြစ်မနေ ခေါ်ယူဖို့ လိုအပ်လာတဲ့ ယူနိုက်တက်ဟာ ကူကူရယယ်လာကို ဦးစားပေး ကြိုးပမ်းခဲ့ပေမယ့် လာမယ့် ဇန်နဝါရီမှာ အငှားစာချုပ် ဖျက်သိမ်းခွင့်ကို ချယ်လ်ဆီးဘက်က လက်မခံခဲ့တာကြောင့် ရယ်ဂီလွန်ကိုပဲ ပြောင်းလဲ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။

အခုတော့ ရယ်ဂီလွန်က ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ (၃)ပွဲထိ ကစားထားနိုင်သလို ဘန်လေနဲ့ပွဲစဉ်မှာလည်း အဖျားဝေဒနာ ခံစားနေရတာမို့ နည်းပြတန်ဟက်ဂ်က အနားပေးဖို့ စီစဉ်ခဲ့ပေမယ့် ဒါကို ရယ်ဂီလွန်က လက်မခံခဲ့ပဲ ပွဲထွက်ကစားသမားအဖြစ် ရအောင် ကစားသွားခဲ့ပါတယ်။

Photo Credit : United in Focus

အခုလို အသင်းအတွက် အကောင်းဆုံး ပေးဆပ်သွားချင်တက်တာတွေ အချိန်တိုလေးအတွင်းမှာပဲ အသင်းဖော်တွေနဲ့ ဆက်ဆံရေးပိုင်း ကောင်းမွန်လာတွေ နဲ့ တန်ဟက်ဂ်ရဲ့ နည်းစနစ်အတွင်း အံ့ဝင်ခွင်ကျ ကစားနိုင်မှုတွေကြောင့် ယူနိုက်တက်ဘက်က ရယ်ဂီလွန်ကို အပြီးသတ် ခေါ်ယူသွားချင်နေတာ ဖြစ်ပါတယ်။

တကယ်လို့ ယူနိုက်တက်အနေနဲ့ ရယ်ဂီလွန်ကို အပြီးသတ် ခေါ်ယူလိုက်မယ်ဆိုရင် ဘယ်ခြမ်း ခံစစ်နေရမှာ လုခ်ရှော မာလာစီယာ နဲ့ ရယ်ဂီလွန် (၃)ဦးအထိ ရှိသွားမှာ ဆိုပေမယ့်လည်း လုခ်ရှောကို တန်ဟက်ဂ်က LB ရော CB အဖြစ်နဲ့ပါ အသုံးပြုနိုင်တာဖြစ်လို့ ရယ်ဂီလွန်ကို တခါတည်း ခေါ်ယူဖို့က ဖြစ်နိုင်ခြေ များနေရပါတယ်။