MySport Myanmar

ဘင်ဖီကာ နောက်ခံလူ ဆေးလ်ဗားကို လာမယ့်နွေမှာ အရ ခေါ်ယူသွားမယ့် ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဘင်ဖီကာအသင်းရဲ့ ပေါ်တူဂီ လူငယ် နောက်ခံကစားသမားလေး အန်တိုနီယို ဆေးလ်ဗားကို လာမယ့် ဆောင်းဈေးကွက်မှာပဲ ခေါ်ယူချင်နေပေမယ့် တကယ်လို့ ဆောင်းမှာ မခေါ်ယူနိုင်ခဲ့ရင်တောင် နွေမှာတော့ အရ ခေါ်ယူသွားလိမ့်မယ်လို့ သိရှိရပါတယ်။

ယူနိုက်တက်အသင်းအနေနဲ့ လာမယ့်နွေမှာ အသင်းရဲ့ အဓိက ခံစစ်မှူးတွေဖြစ်တဲ့ ဗာရန်း နဲ့ မက်ဂွိုင်းယားတို့ကို လက်လွတ်သွားရနိုင်သလို အခု ဆောင်းဈေးကွက်ထဲမှာတောင် ခံစစ်ပိုင်း အားဖြည့်ဖို့ပါ စီစဉ်လျက် ရှိနေပါတယ်။

Photo Credit : Sporting Life

လက်ရှိမှာတော့ ယူနိုက်တက်အသင်းဟာ ဗဟိုခံစစ်နေရာအတွက် နိုက်စ် နောက်ခံလူ တိုဒီဘို နဲ့ လေဗာကူဆင် ခံစစ်မှူး တက်ပ်ဘိုဆာတို့ကို ပစ်မှတ်ထားလျက် ရှိနေသလို အန်တိုနီယို ဆေးလ်ဗားကိုလည်း အသင်းရဲ့ စောင့်ကြည့်နေတဲ့ ကစားသမား စာရင်းမှာပါ ထည့်သွင်းထားခဲ့ပါတယ်။

အသက် (၂၀)အရွယ်သာ ရှိသေးတဲ့ ခံစစ်မှူးလေး ဆေးလ်ဗားဟာ ၂၀၁၆ခုနှစ်ကတည်းက ဘင်ဖီကာ လူငယ် အကယ်ဒမီဆီ ရောက်ရှိနေခဲ့တာဖြစ်ပြီး မနှစ်ကမှ ဘင်ဖီကာ စီနီယာအသင်းအတွက် ပွဲကစားခွင့်တွေ စတင် ရရှိလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Sporting Life

ပြီးခဲ့တဲ့ ဘောလုံးရာသီက ဘင်ဖီကာအတွက် ပြိုင်ပွဲစုံမှာ ပွဲပေါင်း (၄၄)ပွဲအထိ ကစားပေးနိုင်ခဲ့သလို အရွယ်နဲ့ မလိုက်အောင် ခေါင်းဆောင်စွမ်းရည် ကောင်းမွန်တာ ရုပ်ပိုင်းဆိုင်ရာ အားကောင်းမှု ရှိတာတွေကြောင့် သူ့ကို ဥရောပထိပ်သီး အသင်းကြီးတွေကပါ အတော်လေး စိတ်ဝင်စားနေရပါတယ်။

အန်တိုနီယို ဆေးလ်ဗားကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ယူနိုက်တက်လည်း ထိပ်ဆုံးကနေ ပါဝင်လို့နေပြီး ဘင်ဖီကာနဲ့ ၂၀၂၇ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေသေးတာရယ် သူရဲ့ လက်ရှိတန်ကြေးက ယူရို သန်း(၅၀)ရှိနေပြီး စာချုပ်လျော်ကြေးကလည်း ယူရို သန်း(၁၀၀)ထိ ရှိနေတာကြောင့် ယူနိုက်တက်အနေနဲ့ ဆေးလ်ဗားကို ခေါ်ယူနိုင်ဖို့အတွက် ပြောင်းရွှေ့ကြေး အမြောက်အများ အသုံးပြုသွားရဖွယ်လည်း ရှိနေပါတယ်။

Exit mobile version