MySport Myanmar

အန်တိုနီအတွက် လုပ်ခလစာ တဝက် ပေးချေမှသာ အငှားချသွားမယ့် ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ သူတို့ရဲ့ တောင်ပံကစားသမား အန်တိုနီကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေအနေနဲပ အန်တိုနီရဲ့ လုပ်ခလစာ တဝက်ခန့်လောက် ပေးချေမှသာ အငှားချပေးသွားမှာ ဖြစ်တယ်လို့ talkSPORT သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။

ဘရာဇီးလ် လက်ရွေးစင် ညာတောင်ပံ ကစားသမား အန်တိုနီဟာ အေဂျက်စ်ကနေ ယူနိုက်တက်ကို နည်းပြ အဲရစ် တန်ဟက်ဂ်နဲ့အတူ ရောက်ရှိလာခဲ့တာ ဖြစ်ပေမယ့် အန်တိုနီက အေဂျက်စ်မှာတုန်းကလိုမျိုး ခြေစွမ်းမျိုးတွေ ပြသနိုင်ခြင်း မရှိဘဲ ပုံမှန်ခြေစွမ်း ပြသဖို့တောင် ရုန်းကန်နေရလို့ ပွဲထွက်ခွင့်တွေပါ ဆုံးရှုံးလာခဲ့ပါတယ်။

Photo Credit : Football Transfer

အန်တိုနီက သူ့ဆရာဟောင်း တန်ဟက်ဂ် လက်ထက်မှာပဲ ပွဲကစားခွင့်တွေ နည်းပါးလာခဲ့ရင်း ပွဲထွက်ကစားသမားစာရင်းကနေ အချိန်အတန်ကြာ ချန်လှပ်ခံခဲ့ရသလို အခု ရူဘင် အမော်ရင် ကိုင်တွယ်နေချိန်မှာလည်း ယူရိုပါလိဂ်နဲ့ လိဂ်ဖလားပွဲ (၂)ပွဲတည်းသာ ပွဲထွက်ကစားသမားအဖြစ်နဲ့ ပါဝင်ခဲ့ရတာ ဖြစ်ပါတယ်။

ဒီလို အခြေအနေတွေကြောင့် အန်တိုနီရဲ့ အနာဂတ် အခြေအနေတွေက လှုပ်ခတ်လာခဲ့ရပြီး ကလပ်အသင်း တချို့ကလည်း အန်တိုနီကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့ပါ ချဉ်းကပ်လာခဲ့ပါတယ်။ အန်တိုနီ ကိုယ်တိုင်ကတော့ ယူနိုက်တက်မှာပဲ ဆက်ကစားချင်နေပေမယ့် ယူနိုက်တက်ကတော့ အန်တိုနီ အပါအဝင် ကစားသမား တချို့ကို အသင်းကနေ ရှင်းထုတ်သွားချင်နေပါတယ်။

Photo Credit : Caught Offside

ယူနိုက်တက်က အသင်းမှာ ခြေစွမ်းပြသနိုင်ခြင်း မရှိတဲ့ ရပ်ရှ်ဖို့ဒ် ၊ အန်တိုနီ ၊ လင်ဒီလော့ဖ်နဲ့ အဲရစ်ဆင်တို့ကို ရှင်းထုတ်သွားချင်နေပြီး တကယ်လို့ အငှားနဲ့ ကမ်းလှမ်းလာမယ်ဆိုရင်တောင်မှ ကစားသမား လက်ရှိ ရရှိနေတဲ့ လုပ်ခလစာရဲ့ တဝက်ခန့်လောက်အထိ ပေးချေသွားမှသာ အငှားကမ်းလှမ်းမှုကို လက်ခံသွားဖို့ ရှိနေပါတယ်။

လက်ရှိမှာတော့ အန်တိုနီကို လာလီဂါကလပ် ရီးယဲလ် ဘက်တစ်အသင်းက အငှားနဲ့ ခေါ်ယူသွားချင်နေပြီး တကယ်လို့ ဘက်တစ်ဘက်ကနေ အန်တိုနီအတွက် လုပ်ခလစာ ထက်ဝက်နဲ့ အငှားကမ်းလှမ်းမှု ပြုလုပ်လာခဲ့မယ်ဆိုရင် လက်လွတ်သွားဖို့ အစီအစဉ် ရှိနေတယ်လို့ သိရှိရပါတယ်။

Exit mobile version