မန်ချက်စတာ ယူနိုက်တက်အသင်းဟာ တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူထားတဲ့ ဆိုဖီယန် အမ်မရာဘတ်ကို အပြီးသတ် ခေါ်ယူသွားတော့မှာ မဟုတ်ပဲ အဲဗာတန် ကွင်းလယ်လူ အာမာဒူ အိုနာနာကိုသာ အရ ခေါ်ယူသွားမယ်လို့ သိရပါတယ်။

ယူနိုက်တက်က ဒီနွေဈေးကွက်မှာ ဖီအိုရင်တီးနားအသင်းရဲ့ မော်ရိုကို ကွင်းလယ်လူ အမ်မရာဘတ်ကို အငှား+အပြီးသတ်ခေါ်ယူခွင့်တို့နဲ့ ခေါ်ယူထားတာ ဖြစ်ပေမယ့်လည်း အမ်မရာဘတ်ရဲ့ ခြေစွမ်းတွေအပေါ် နှစ်သက်ခြင်း မရှိလို့ အငှားသက်တမ်း ကုန်ဆုံးချိန်မှာ သူ့အသင်းဆီ ပြန်ပို့ဆောင်ဖို့ ရှိနေပါတယ်။

Photo Credit : Transfer News Live

အမ်မရာဘတ်က ပြီးခဲ့တဲ့ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မော်ရိုကိုအသင်းနဲ့အတူ အလွန် တောက်ပခဲ့သူ ဖြစ်သလို ဖီအိုရင်တီးနားမှာလည်း ခြေစွမ်းပြခဲ့သူ ဖြစ်ပေမယ့် ယူနိုက်တက်မှာတော့ အခုအချိန်ထိ ရုန်းကန်နေပြီး တန်ဟက်ဂ်ကလည်း အမ်မရာဘတ်ရဲ့ ခြေစွမ်းကို သဘောမတွေ့ ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် နောက်ထပ် ယူနိုက်တက်ရဲ့ အဓိက ကွင်းလယ်လူ ကက်စီမဲရိုးဟာလည်း ဒီရာသီမှာ ခြေကျလာခဲ့တဲ့အပြင် ဒဏ်ရာတွေလည်း မကြာခဏ ရရှိနေတာဖြစ်လို့ သူ့ကိုလည်း ယူနိုက်တက်ဘက်က လာမယ့်နွေမှာပဲ ရှင်းထုတ်သွားဖို့ ရှိနေပါတယ်။

Photo Credit : Last Word on Sports

ဒီလို ထိပ်တန်း ကွင်းလယ်ကစားသမားတွေကို အသင်းကနေ ရှင်းထုတ်ပြီးနောက် လူငယ် ကွင်းလယ်လူ ကိုဘီ မိုင်နူးလေးကို ပိုမို နေရာပေးဖို့ ရှိနေပြီး အဲဗာတန်အသင်းရဲ့ ဘယ်လ်ဂျီယံ ကွင်းလယ်ကစားသမား အိုနာနာကိုပါ အရ ခေါ်ယူသွားဖို့လည်း ရှိနေပါတယ်။

အသက် (၂၂)နှစ်အရွယ်သာ ရှိနေသေးတဲ့ ကွင်းလယ်ခံစစ် ကစားသမား အိုနာနာဟာ မနှစ်ကမှ လိုင်လီကနေ အဲဗာတန်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး သူရဲ့ ပရီးမီးယားလိဂ် ပွဲဦးထွက်ရာသီမှာပဲ အကောင်းဆုံး ခြေစွမ်းတွေ ပြသထားနိုင်လို့ သူ့ကို ယူနိုက်တက် အပါအဝင် ဘာစီလိုနာလည်း အပြိုင် စိတ်ဝင်စားလျက် ရှိနေပါတယ်။