မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တာဝန်ရှိသူ အကြီးအကဲတွေဟာ လက်ရှိ အသင်းနည်းပြ အဲရစ် တန်ဟက်ဂ်နေရာမှာ အစားထိုးနိုင်မယ့် နည်းပြကို လိုက်လံ ရှာဖွေလို့ နေပေမယ့်လည်း အဆင်မပြေမှုတွေ ရှိနေတာကြောင့် နည်းပြသစ် ထပ်မရှာတော့ပဲ တန်ဟက်ဂ်ကိုသာ ဆက်ပြီး အချိန်ပေးသွားတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

ယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင်သစ် ဆာဂျင်ရက်ကလစ်ဖ်ဟာ မော်ရစ်စီယို ပိုချက်တီနို ၊ ဂါရတ် ဆောက်ဂိတ် ၊ သောမတ်စ် ဖရန့် ၊ သောမတ်စ် တူဟယ်လ် ၊ ရောဘတ်တို ဒီဇာဘီတို့လို နည်းပြတွေကို တန်ဟက်ဂ်နေရာမှာ အစားထိုးသွားဖို့ စီစဉ်ခဲ့ပေမယ့်လည်း နောက်ဆုံးတော့ တန်ဟက်ဂ်ကိုပဲ နေရာပေးသွားဖို့ကိုသာ ဆုံးဖြတ်ခဲ့တယ်လို့ ဒေးဗစ် အွန်စတိန်းက ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Stretty News

အေဂျက်စ်နည်းပြဟောင်း တန်ဟက်ဂ်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်ကမှ မန်ယူနိုက်တက်အသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး သူရဲ့ ယူနိုက်တက် နည်းပြဘဝ ပွဲဦးထွက်ရာသီမှာ လိဂ်ဖလားနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရယူခဲ့ပေးခဲ့သလို ပြီးခဲ့တဲ့ ဘောလုံးရာသီကလည်း အခြေအနေတွေ သိပ်မကောင်းခဲ့တဲ့ကြားကပဲ အက်ဖ်အေဖလားကို အရ ယူပေးခဲ့ပါသေးတယ်။

တန်ဟက်ဂ်ဟာ ယူနိုက်တက်အသင်းနဲ့ ၂၀၂၅ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေတာဖြစ်ပြီး နောက်ထပ် ထပ်ဆောင်း တစ်နှစ်လည်း ချုပ်ဆိုခွင့်လည်း ပါဝင်နေသလို ယူနိုက်တက် ပရိသတ်အများစုကလည်း ဆာဂျင်တို့ အလိုရှိနေတဲ့ နည်းပြတွေထက် တန်ဟက်ဂ်ကိုသာ အသင်းနည်းပြအဖြစ် ဆက်ရှိစေချင်နေကြပါတယ်။ အခုတော့ ယူနိုက်တက် ပရိသတ်တွေရဲ့ ဆန္ဒအတိုင်း ဖြစ်လာပါတော့မယ်။

Photo Credit : Football365

နာမည်ကျော် ဗြိတိန် ဘောလုံးသတင်းထောက် အွန်စတိန်းရဲ့ ဖော်ပြချက်အရ တန်ဟက်ဂ်အနေနဲ့ ၂၀၂၅ခုနှစ်အထိ ယူနိုက်တက် နည်းပြအဖြစ် ဆက်ရှိနေတော့မှာ ဖြစ်တဲ့အပြင် ဖာဘရီဇီယို ရိုမာနိုရဲ့ သတင်းဖော်ပြချက်မှာလည်း ယူနိုက်တက် အကြီးအကဲတွေဘက်က တန်ဟက်ဂ်ကို စာချုပ်သစ်ချုပ်ဆိုဖို့အထိပါ ကနဦး ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ပါ သိရပါတယ်။

တကယ်တော့ တန်ဟက်ဂ်ရဲ့ အနာဂတ်အတွက် ဘာမှ ဆုံးဖြတ်ချက် မချမှတ်ရသေးခင် တခြားနည်းပြတွေနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ထားခဲ့တဲ့ ဆာဂျင်တို့ရဲ့လုပ်ရပ်ကြောင့် ဆာဂျင်တို့နဲ့ တန်ဟက်ဂ်တို့ကြား အဆင်မပြေမှုတွေ ရှိနိုင်တယ်လို့ ထင်ရပေမယ့်လည်း ရိုမာနိုရဲ့ ဖော်ပြချက်အရ တန်ဟက်ဂ်က ဆာဂျင်တို့နဲ့ ဘာပြသာနာမှကို ရှိမနေပဲ ယူနိုက်တက်ရဲ့ ပရောဂျက်ကိုသာ အာရုံစိုက်နေသလို ယူနိုက်တက်နည်းပြအဖြစ်သာ ဆက်ရှိသွားချင်နေမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။