မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အဓိက ပစ်မှတ်ဖြစ်သူ အတ္တလန်တာ တိုက်စစ်မှူးလေး ဟွိုင်လန်းကို ပီအက်စ်ဂျီအသင်းက ခေါ်ယူသွားဖို့အတွက် ကစားသမား အေးဂျင့်ဖြစ်သူနဲ့ပါ ဆက်သွယ်မှုတွေ လုပ်ဆောင်နေပြီ ဖြစ်လို့ ဒီအခြေအနေမှာ ယူနိုက်တက်ဘက်က ဟွိုင်လန်းအတွက် ကမ်းလှမ်းမှုတွေ အမြန်ဆုံး လုပ်ဆောင်သွားဖို့ပါ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

မန်ယူနိုက်တက်က ဒီနွေဈေးကွက်မှာ ကွင်းလယ်လူ မေဆန်မောင့် နဲ့ ဂိုးသမား အိုနာနာတို့ကို အားဖြည့် ခေါ်ယူနိုင်ခဲ့ပြီးနောက် တိုက်စစ်ပိုင်းအတွက် ဒိန်းမတ် တိုက်စစ်မှူး ဟွိုင်လန်းကို main target အဖြစ် သတ်မှတ်ထားသလို ကစားသမားနဲ့လည်း ပုဂ္ဂိုလ်ရေး သဘောတူညီမှုတွေ ရရှိထားသည့်တိုင် တရားဝင် ကမ်းလှမ်းမှု မရှိသေးတဲ့အတွက် ပီအက်စ်ဂျီက ဟွိုင်လန်းကို ယူနိုက်တက် လက်ထဲကနေ ဖြတ်လုဖို့ပါ ပြင်ဆင်လာပါတယ်။

Photo Credit : Transfermarket

ပီအက်စ်ဂျီကလည်း လက်ရှိမှာ ကီလီယန် အမ်ဘာပေရဲ့ အခြေအနေတွေကြောင့် ဟယ်ရီကိန်း ဗလာဟိုဗစ်တို့နဲ့အတူ ဟွိုင်လန်းကိုပါ ပစ်မှတ်ထားလာရပြီး ကိန်းက ဘိုင်ယန်ကို သွားဖို့ များနေသလို ဗလာဟိုဗစ် နဲ့ ပီအက်စ်ဂျီတို့ကလည်း သတင်း မထွက်သလောက် ဖြစ်နေတာမို့ ဟွိုင်လန်းကိုပါ ပိုမို မျက်စိကျလာနိုင်ပါတယ်။

ဒီအချိန်မှာ ပီအက်စ်ဂျီရဲ့ ဘောလုံး အကြံပေး လူးဝစ် ကမ်ပို့စ်ကိုယ်တိုင် ဟွိုင်လန်း အပြောင်းအရွှေ့ကိစ္စအတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီ ဖြစ်တာကြောင့် ယူနိုက်တက်အနေနဲ့ ဟွိုင်လန်းကို ခေါ်ယူရေး နောက်ကောက် မကျစေဖို့အတွက် ဒီတစ်ပတ်အတွင်းမှာပဲ တရားဝင် ကမ်းလှမ်းမှုတစ်ခုကို အမြန်ဆုံး လုပ်ဆောင်လာဖွယ် ရှိနေပါတယ်။

Photo Credit : Reuters

အတ္တလန်တာဘက်ကတော့ သူတို့ ကစားသမားအတွက် အနိမ့်ဆုံး ယူရို သန်း (၈၀) ဈေးခေါ်ထားပေမယ့်လည်း ယူနိုက်တက်ကတော့ ဟွိုင်လန်းအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း (၆၀) ဒါမှမဟုတ် ယူရို (၆၅) သန်းအထိသာ သုံးစွဲသွားဖို့ ရှိနေပါတယ်။ ပီအက်စ်ဂျီကလည်း ဟွိုင်လန်းကို ယူရို သန်း (၈၀)လောက်အထိ ကမ်းလှမ်းဖို့ ဆန္ဒမရှိတာကြောင့် ဟွိုင်လန်းအတွက် ယူရို သန်း (၆၀) ဝန်းကျင်နဲ့ပဲ လက်ခံသွားရနိုင်ပါတယ်။

ဟွိုင်လန်း ကိုယ်တိုင်ကတော့ ယခင်ကတည်းက ယူနိုက်တက်ရဲ့ အမာခံ ပရိသတ်တစ်ဦး ဖြစ်နေတာကြောင့် မန်ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ရရေးကိုသာ ဦးစားပေးသွားမှာဖြစ်ပြီး ယူနိုက်တက်နဲ့ ပူးပေါင်းခွင့်ရဖို့ကိုလည်း စိတ်အားထက်သန်နေတယ်လို့ သိရှိရပါတယ်။