မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကင်းထောက်တွေဟာ ဘင်ဖီကာအသင်းရဲ့ လူငယ် ကြယ်ပွင့် ကစားသမားလေး ဂျာအို နေးဗက်စ်ကို အနီးကပ် စောင့်ကြည့်မှုတွေ လုပ်ဆောင်လျက် ရှိနေပြီး ဘင်ဖီကာပွဲစဉ်တွေအထိ လိုက်လံ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
ယူနိုက်တက် ကင်းထောက်တွေဟာ ဘင်ဖီကာ နဲ့ စပို့တင်းလစ္စဘွန်းအသင်းတို့ရဲ့ ပေါ်တူဂီ အမှတ်ပေးပွဲစဉ်ကို သွားရောက် ကြည့်ရှုရင်း ဒီပွဲစဉ်မှာ တစ်ပွဲလုံး အကောင်းဆုံး စွမ်းဆောင်ရည် ပြသနိုင်ခဲ့တဲ့ နေးဗက်စ်ကို စောင့်ကြည့်သွားခဲ့တယ်လို့ ဖာဘရီဇီယို ရိုမာနိုက ဖော်ပြလာခဲ့ပါတယ်။
Photo Credit : BVM Sports
အသက် (၁၉)နှစ်သာ ရှိနေသေးတဲ့ ကွင်းလယ်ကစားသမားလေး နေးဗက်စ်ဟာ ဘောလုံးသမားကောင်းတွေ မွေးထုတ်နေတဲ့ ဘင်ဖီကာ အကယ်ဒမီကနေ ထွက်ပေါ်လာသူဖြစ်ပြီး အန်ဇို ဖာနန်ဒက်ဇ် ချယ်လ်ဆီးကို ပြောင်းသွားချိန်မှာ နေးဗက်စ်က ဘင်ဖီကာ စီနီယာအသင်းမှာ နေရာရလာခဲ့တာ ဖြစ်ပါတယ်။
ဒီကစားသမားလေးက ကွင်းလယ်ခံစစ် နေရာမှာ အဓိကထား ကစားနေသူဖြစ်ပြီး လိုအပ်ရင် ကွင်းလယ်တိုက်စစ် နေရာထိပါ ကစားနိုင်သူလည်း ဖြစ်ပါတယ်။ ယူနိုက်တက်က နေးဗက်စ်ကို ကက်စီမဲရိုးနေရာမှာ ရေရှည်အစားထိုးဖို့အတွက် ခေါ်ယူချင်နေတာဖြစ်လို့ အခုလို ကင်းထောက်တွေပါ စေလွှတ်ထားတာ ဖြစ်ပါတယ်။
Photo Credit : Fabrizio Romano
နေးဗက်စ်က (၁၉)နှစ်အရွယ်သာ ရှိနေသေးပေမယ့် ဘင်ဖီကအသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်နေသလို စပို့တင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာလည်း ဘင်ဖီကာအတွက် အရေးပါလှတဲ့ ချေပဂိုးတစ်ဂိုးကိုပါ သွင်းယူနိုင်ခဲ့ပါသေးတယ်။
နေးဗက်စ်ရဲ့ လက်ရှိတန်ကြေးက ယူရို သန်း(၂၀)လောက်သာ ရှိနေသေးပေမယ့် ၂၀၂၈ခုနှစ်အထိ အသင်းနဲ့ စာချုပ်သက်တမ်းရှည်ကြီး ရှိနေတာက သူ့ကို ခေါ်ယူချင်တဲ့ ယူနိုက်တက်အတွက် ခေါင်းခဲစရာ ဖြစ်လာနိုင်ပြီး အနည်းဆုံး ယူရို သန်း(၅၀)လောက်နဲ့ ကမ်းလှမ်းသွားရနိုင်ခြေလည်း ရှိနေပါတယ်။