MySport Myanmar

အန်တိုနီကို လာမယ့် ဈေးကွက်တွေထဲမှာ ရောင်းထုတ်သွားချင်နေတဲ့ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ အသင်းရဲ့ ညာတောင်ပံကစားသမားဖြစ်သူ အန်တိုနီ ဆန်းတို့စ်နဲ့ ပတ်သက်ပြီး သူရဲ့ ခြေစွမ်းပိုင်းတွေကို အားရခြင်း မရှိတာကြောင့် အသင်းမှာ ဆက်လက် ထားရှိသွားဖို့ ဆန္ဒမရှိတော့ပဲ လာမယ့် ဈေးကွက်ထဲမှာ ရောင်းထုတ်သွားချင်နေတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ အသက် (၂၄)နှစ်အရွယ် ဘရာဇီးလ် တောင်ပံတိုက်စစ်ကစားသမား အန်တိုနီကို ၂၀၂၂ခုနှစ်ကမှ ပြောင်းရွှေ့ကြေး ယူရို သန်း(၁၀၀)ဝန်းကျင်လောက်နဲ့ ခေါ်ယူထားခဲ့ရတာ ဖြစ်ပေမယ့်လည်း အန်တိုနီက ယူနိုက်တက်နဲ့ (၂)ရာသီထိ ဖြတ်သန်းပြီးချိန်မှာ အသင်းအတွက် ပြိုင်ပွဲစုံ (၈၂)ပွဲ ကစားထားပြီး (၁၁)ဂိုးသွင်း (၅)ဂိုးသာ ဖန်တီးနိုင်ခဲ့ပါတယ်။

Photo Credit : The Mirror

အေဂျက်စ်မှာ အတော်လေး ခြေစွမ်းပြသနိုင်ခဲ့တဲ့ အန်တိုနီဟာ သူ့ဆရာသမား တန်ဟက်ဂ်နဲ့အတူ အေဂျက်စ်ကနေ ယူနိုက်တက်ဆီ ရောက်ရှိခဲ့ပေမယ့်လည်း ယူနိုက်တက်မှာ ရုန်းကန်နေရသလို ဒီရာသီမှာဆိုရင်လည်း တန်ဟက်ဂ်ကိုယ်တိုင် အန်တိုနီကို ပွဲထွက်ကစားသမားစာရင်းကနေ မကြာခဏ ချန်လှပ်ခဲ့ပါသေးတယ်။

အခုဆိုရင်လည်း ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေကပါ အန်တိုနီက သူတို့အသင်းအတွက် လုံလောက်တဲ့ ကစားသမားတစ်ဦး ဖြစ်မနေဘူးဆိုတာကို သိရှိလာတဲ့အတွက် အသင်းမှာ ဆက်လက် မထားချင်တော့ပဲ သင့်တော်တဲ့ ကမ်းလှမ်းမှုတွေ ရလာခဲ့မယ်ဆိုရင် အသင်းကနေ ရောင်းထုတ်သွားဖို့အထိပါ စီစဉ်လာခဲ့ပါတယ်။

Photo Credit : Football365

တကယ်တော့ ယူနိုက်တက်မှာ တောင်ပံကစားသမားတွေ အများအပြား ပိုင်ဆိုင်ထားပေမယ့် ဂျေဒန် ဆန်ချို ၊ မေဆန် ဂရင်းဝုဒ်နဲ့ ဖာကန်ဒို ပယ်လစ်စထရီတို့လို အငှားချထားတဲ့ ကစားသမားတချို့ကိုတော့ အန်တိုနီနဲ့အတူ အသင်းကနေ ရှင်းထုတ်သွားဖို့ အစီအစဉ် ရှိလို့နေပါတယ်။

လတ်တလောမှာတော့ ယူနိုက်တက်က ခရစ္စတယ် ပဲလေ့စ်အသင်းရဲ့ ပြင်သစ် ညာတောင်ပံကစားသမားလေး မိုက်ကယ် အိုလီဆေးကို အတော်လေး အလိုရှိနေပြီး ဒီကစားသမားအတွက် အနိမ့်ဆုံး ပေါင် သန်း(၆၀)လောက်အထိ အသုံးပြုရနိုင်တာကြောင့် ကစားသမား ရောင်းချမှုကို အရင်ဆုံံး လုပ်ဆောင်သွားရဖွယ် ရှိနေပါတယ်။

Exit mobile version