ဘိုင်ယန်မြူးနစ် အသင်းနည်းပြ သောမတ်စ် တူဟယ်လ်က အသင်း ကွင်းလယ် ကစားသမား လီယွန် ဂိုဟက်ဇ်ကာအတွက် ပွဲကစားခွင့်ကို အာမ မခံနိုင်ကြောင်း ပြောဆိုခဲ့ပြီးနောက်မှာ အသင်းက ရောင်းထုတ်ဖို့ စီစဉ်လာခဲ့တာကြောင့် ဒီအခြေအနေကို မန်ချက်စတာ ယူနိုက်တက်က စောင့်ကြည့်နေပြီး ကမ်းလှမ်းမှုတွေပါ လုပ်ဆောင်ဖို့လည်း ရှိနေပါတယ်။

Photo Credit : Bayern Strike

   Sky Sport Germany သတင်းမီဒီယာရဲ့ ဖော်ပြချက်များအရ ဘိုင်ယန်မြူးနစ်အသင်းက ဒီနွေဈေးကွက်ထဲ ဂိုဟက်ဇ်ကာအတွက် ကမ်းလှမ်းမှုတွေကို နားစွှင့်သွားမှာ ဖြစ်ကြောင်းနဲ့ ပြောင်းရွှေ့ကြေးကိုလည်း ပေါင် (၃၄)သန်း နဲ့ ပေါင် (၄၂)သန်းကြားလောက် အလိုရှိနေကြောင်း ဖော်ပြသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ လတုန်းက ဂိုဟက်ဇ်ကာရဲ့ အခြေအနေကို မန်ယူနိုက်တက်အသင်းက အနီးကပ် စောင့်ကြည့်မှုတွေ လုပ်ဆောင်နေတယ်ဆိုပြီး သတင်းထွက်ပေါ်ထားခဲ့တာကြောင့် ဒီတစ်ချိန်မှာရော ယူနိုက်တက်တို့ ဂိုဟက်ဇ်ကာကို ထပ်မံ ကြိုးပမ်းသွားနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Photo Credit : Bavarian Football Works

   ဘိုင်ယန် နည်းပြ တူဟယ်လ်ကလည်း အသင်းရဲ့ ကွင်းလယ်မှာ ပင်တိုင် ကစားသမား ကင်မစ်ချ် နဲ့ ကစားသမားသစ် လိုင်းမားတို့ကိုသာ တွဲဖက်ပြီး တောက်လျှောက် အသုံးပြုသွားဖို့ ရှိနေပြီး ကွင်းလယ်မှာကလည်း ဆာဘစ်ဇာ ဂရာဗန်ဘာ့ချ်တို့ပါ ရှိနေသေးတဲ့အတွက် ဂိုဟက်ဇ်ကာရဲ့ အနာဂတ်က ဝေဝါးသထက် ဝေဝါးလာခဲ့ရပါတယ်။ တူဟယ်လ်ကိုယ်တိုင်ကလည်း ဂိုဟက်ဇ်ကာအတွက် ပုံမှန် ပွဲကစားခွင့်ကို အာမခံပေးနိုင်ဦးမှာ မဟုတ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သလို အသင်းကလည်း ၂၀၁၈ခုနှစ်ကတည်းက အသင်းကို ရောက်ရှိနေပြီး အသင်းနဲ့ ၂၀၂၆ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့ ဂိုဟက်ဇ်ကာကို ရောင်းထုတ်သွားချင်နေပါတယ်။

အသက် (၂၈)နှစ်အရွယ် ဂျာမနီ လက်ရွေးစင် ကွင်းလယ်လူ ဂိုဟက်ဇ်ကာဟာ ကွင်းလယ်မှာ နေရာစုံ ကစားတတ်သူဖြစ်ပြီး ကွင်းလယ် ခံစစ်ရော ကွင်းလယ် တိုက်စစ်ပါ ကစားနိုင်တဲ့ ကွင်းလယ် ဂျိုကာတစ်ဦးလည်း ဖြစ်ပါတယ်။