မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ လာမယ့် နွေရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ တော့တင်ဟမ် ဟော့စပါးအသင်းရဲ့ အသင်းခေါင်းဆောင် တောင်ကိုရီးယား ကြယ်ပွင့်ကြီး ဆွန်ဟောင်မင်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

အာရှ ဘောလုံးသမားတွေထဲမှာ အတောက်ပဆုံး ကစားသမားတစ်ဦးလို့ သတ်မှတ်လို့ရနိုင်မယ့် ဆွန်ဟောင်မင်ဟာ လွန်ခဲ့တဲ့ ၂၀၁၅ခုနှစ်ကတည်းက လေဗာကူဆင်ကနေ စပါးအသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး အခုဆိုရင် သူရဲ့ စပါးကစားသမားဘဝက ဆယ်စုနှစ်တစ်ခုတောင် ရှိခဲ့ပြီပဲ ဖြစ်ပါတယ်။

Photo Credit : beIN SPORTS

အသက် (၃၂)နှစ်အရွယ် တောင်ကိုရီးယား လက်ရွေးစင် တိုက်စစ်ကစားသမား ဆွန်ဟာ စပါးအသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ကို ရောက်ရှိနေခဲ့ပြီဖြစ်ပြီး စာချုပ်ထဲမှာ တစ်နှစ်ထပ်မံ သက်တမ်းတိုးနိုင်ခွင့်ပါ ထည့်သွင်းချုပ်ဆိုထားခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ (၃၃)နှစ်ပြည့်တော့မယ့် ဆွန်ကို စပါးဘက်က သက်တမ်းတိုးဖို့ ဆန္ဒမရှိဘဲ ဖြစ်နေပါတယ်။

စပါးအသင်းနဲ့အတူ ဘာဆုဖလားမှ မရယူဖူးသေးတဲ့ ဆွန်ဟာ ပရီးမီးယားလိဂ်ရဲ့ ရွေဖိနပ်ဆုကို တစ်ကြိမ် ပိုင်ဆိုင်ခဲ့သလို ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာ အကောင်းဆုံးအသင်းမှာပါ ရွေးချယ်ခံခဲ့ရတဲ့အထိ သူရဲ့ စွမ်းဆောင်ရည်တွေက အထင်ကြီးလောက်စရာကောင်းခဲ့ပါတယ်။

Photo Credit : Cartilage Free Captain

ဒါကြောင့်လည်း ဒီလို အရည်အချင်းမျိုးနဲ့ ဘောလုံးအတွေ့အကြုံကောင်းတွေ ကြွယ်ဝနေတဲ့ ဆွန်ဟောင်မင်ကို စပါးဘက်ကသာ သက်တမ်းမတိုးတော့ဘဲ လက်လွတ်လိုက်မယ်ဆိုရင် သူ့ကို ယူနိုက်တက်ဘက်ကနေ ကမ်းလှမ်းမှုတွေ ပြုလုပ်သွားဖွယ် ရှိလာနိုင်ပါတယ်။

ဒါပေမယ့် ဆွန်ဟောင်မင်ကို ယူနိုက်တက် တစ်သင်းတည်းသာမကဘဲ ဂျာမန် ဘွန်ဒက်စ်လီဂါက ကလပ်အသင်းတွေနဲ့ ဆော်ဒီပရိုလိဂ်က ငွေကြေးအင်အားကောင်းတဲ့ ဆော်ဒီကလပ်အသင်းတွေကပါ အပြိုင်အဆိုင် စိတ်ဝင်စားနေတာကြောင့် ဆွန်သာ စပါးကနေ ထွက်ခွာရမယ်ဆိုရင် ဘယ်အသင်းကို ရွေးချယ်သွားမလဲ သူရဲ့ စီနီယာကြီး ပက်ဂျီဆန်ရဲ့အသင်းဟောင်း ယူနိုက်တက်ဆီ ပြောင်းလာနိုင်မလားဆိုတာ စောင့်ကြည့်သွားရပါမယ်။