MySport Myanmar

ပီအက်စ်ဂျီ တိုက်စစ်မှူး အက်ခီတီခေကို အငှားနဲ့ ကမ်းလှမ်းဖို့ ရှိနေတဲ့ မန်ယူ

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းရဲ့ တိုက်စစ်ပိုင်း လိုအပ်ချက်တွေကြောင့် အခုဆောင်းဈေးကွက် မပိတ်သိမ်းခင်မှာပဲ ပီအက်စ်ဂျီ တိုက်စစ်မှူး ဟူဂို အက်ခီတီခေကို အငှားနဲ့ ခေါ်ယူသွားဖွယ် ရှိနိုင်တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဒီနွေမှာ အတ္တလန်တာ တိုက်စစ်မှူး ဟွိုင်လန်းကို ဖြည့်တင်းထားပြီး ရပ်ရှ်ဖို့ဒ်ကိုလည်း သူကစားချင်ဆုံး ဘယ်တောင်ပံနေရာမှာ ကစားခိုင်းပေမယ့် ကစားသမားသစ် ဟွိုင်လန်းရော ရပ်ရှ်ဖို့ဒ် အပါအဝင် မာရှယ် အန်တိုနီ ဂါနာချို ပယ်လစ္စထရီတို့ပါ အသင်းတိုက်စစ်မှာ ဂိုးရဖို့ ရုန်းကန်လာရပါတယ်။

Photo Credit : The Mirror

လက်ရှိမှာတော့ မာရှယ်က ဒဏ်ရာကြောင့် (၁၀)ပတ်အထိ နားနေရပြီး ရပ်ရှ်ဖို့ဒ်ဟာလည်း ကွင်းပြင်ပ ကိစ္စတွေကြောင့် အသင်းတာဝန်ရှိသူတွေရဲ့ စိတ်ပျက်ခြင်းကို ခံနေရတဲ့အပြင် ပယ်လစ္စထရီကလည်း ဂရန်နာဒါဆီ အငှားနဲ့ ပြောင်းရွှေ့တော့မှာပဲ ဖြစ်ပါတယ်။

ဒီလို အခြေအနေမှာ ယူနိုက်တက်အနေနဲ့ အသင်းတိုက်စစ်အတွက် ကစားသမားတစ်ဦး မဖြစ်မနေ လိုအပ်လာခဲ့တာကြောင့် အခုဈေးကွက် မပိတ်သိမ်းခင်မှာ တိုက်စစ်မှူးတစ်ဦးဦးကို ရအောင် ခေါ်ယူသွားဖို့ စီစဉ်လျက် ရှိနေပါတယ်။

Photo Credit : Eurosport

လတ်တလောမှာတော့ ပီအက်စ်ဂျီအသင်းက သူတို့အသင်းရဲ့ ပြင်သစ် တိုက်စစ်မှူးလေး အက်ခီတေခီကို အသင်းမှာ ပွဲကစားခွင့်တွေ မပေးနိုင်ချိန် ကလပ်အသင်း တစ်သင်းသင်းဆီ အငှားချထားဖို့ စီစဉ်လာခဲ့ရာ ဒီအခြေအနေကို အသုံးချသွားဖို့ ယူနိုက်တက်က စီစဉ်လာခဲ့ပါတယ်။

ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ်ကလည်း ယူနိုက်တက်ကို စတင် ကိုင်တွယ်ချိန်မှာကတည်းက အက်ခီတီခေကို ခေါ်ယူချင်ခဲ့ပေမယ့် ပီအက်စ်ဂျီရဲ့ လက်ဦးမှု ရသွားခဲ့တာကြောင့်သာ လက်လျော့လိုက်ရတာပဲ ဖြစ်ပါတယ်။ အခုတော့ အက်ခီတီခေကို ခေါ်ယူဖို့ အခွင့်အရေး ရလာချိန်မှာ အငှားကမ်းလှမ်းမှုနဲ့ ရအောင် ခေါ်ယူဖွယ် ရှိနေပါတယ်။

Exit mobile version