MySport Myanmar

ဘရန်ဖို့ဒ်ရဲ့ တောင်းဆိုမှုကြောင့် အမ်ဘူမိုကို ခေါ်ယူဖို့ ခက်ခဲနေတဲ့ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဘရန်ဖို့ဒ် တောင်ပံတိုက်စစ်ကစားသမား ဘရိုင်ယန် အမ်ဘူမိုကို ခေါ်ယူဖို့ ကြိုးပမ်းနေပေမယ့် ဘရန်ဖို့ဒ်အသင်းရဲ့ ပြောင်းရွှေ့ကြေး တောင်းဆိုမှုပုံစံကြောင့် အပြောင်းအရွှေ့ဟာ အခက်တွေ့နေပြီး ဒီအခြေအနေကိုလည်း စပါးအသင်းက စောင့်ကြည့်နေပါတယ်။

ယူနိုက်တက်ဟာ ကင်မရွန်းလက်ရွေးစင် အမ်ဘူမိုအတွက် ဇွန်လအစောပိုင်းက ကနဦးကမ်းလှမ်းမှုအဖြစ် ပေါင် ၄၅ သန်းနဲ့အတူ နောက်ထပ်အပိုဆုကြေး ပေါင် ၁၀ သန်းကို ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။ အမ်ဘူမိုဟာ ပြီးခဲ့တဲ့ရာသီက ဂိုး ၂၀ အထိ သွင်းယူပြီး သူ့ရဲ့ကစားသမားဘဝတစ်လျှောက် အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ခဲ့တာကြောင့် သူ့ကိုစိတ်ဝင်စားတဲ့ အသင်းတွေ များပြားလာခဲ့တာပါ။

Photo Credit : The New York Times

Evening Standard သတင်းဌာနရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ ကမ်းလှမ်းမှုအသစ် ပြုလုပ်ဖို့ ပြင်ဆင်နေပေမယ့် ဘရန်ဖို့ဒ်အသင်းဘက်က ပြောင်းရွှေ့ကြေးကို နှစ်ရှည်အရစ်ကျစနစ်နဲ့ မဟုတ်ဘဲ ပြောင်းရွှေ့ကြေးရဲ့ အများစုကို တစ်လုံးတစ်ခဲတည်း ကြိုတင်ပေးချေဖို့ ရှင်းရှင်းလင်းလင်း တောင်းဆိုထားပါတယ်။ ဒီတောင်းဆိုချက်ဟာ အိုးလ်ထရက်ဖို့ဒ်ရဲ့ အစီအစဉ်တွေကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။ ယူနိုက်တက်ဟာ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းတွေနဲ့ ကိုက်ညီအောင် ဆောင်ရွက်နေရတာကြောင့် ကစားသမားခေါ်ယူမှုတွေမှာ ပြောင်းရွှေ့ကြေးကို အရစ်ကျခွဲပြီး ပေးချေလိုတဲ့ ပုံစံမျိုး ရှိနေပါတယ်။

လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်ကမှ ဝုလ်ဗ်အသင်းကနေ ပေါင် ၆၂.၅ သန်းနဲ့ ခေါ်ယူခဲ့တဲ့ မာသီးရက်စ် ကူညာရဲ့ အပြောင်းအရွှေ့မှာတောင် ယူနိုက်တက်တို့ အခက်အခဲကြုံခဲ့ရပါသေးတယ်။ မန်ချက်စတာကလပ်ဟာ ကူညာရဲ့ ပြောင်းရွှေ့ကြေးကို ၅ နှစ်အထိ အရစ်ကျ ခွဲပေးချေချင်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဝုလ်ဗ်ရဲ့ တောင်းဆိုမှုအတိုင်း ရာသီနှစ်ခုအတွင်း အရစ်ကျ သုံးကြိမ်ခွဲပြီး ပေးချေဖို့ သဘောတူခဲ့ရပါတယ်။ ဘရန်ဖို့ဒ်ကလည်း အမ်ဘူမိုအတွက် ကူညာရဲ့ ပြောင်းရွှေ့ကြေးနဲ့ အနီးစပ်ဆုံးတန်ဖိုးကို လိုချင်နေပါတယ်။

Photo Credit : FourFourTwo

ဒီအခြေအနေတွေကြောင့် ပြီးခဲ့တဲ့လက ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ယူနိုက်တက်ကို အနိုင်ယူပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရရှိထားတဲ့ တော့တင်ဟမ် ဟော့စပါးအသင်းအတွက် အခွင့်အလမ်းတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ စပါးအသင်းဟာ သူတို့ရဲ့မန်နေဂျာဟောင်း သောမတ်စ် ဖရန့်ခ်ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီးနောက် တောင်ပံတိုက်စစ်နေရာအတွက် အမ်ဘူမိုကို ပစ်မှတ်ထားလာတာ ဖြစ်ပါတယ်။

အမ်ဘူမိုဟာ မန်ချက်စတာကို ပြောင်းရွှေ့ဖို့ ပိုပြီးဆန္ဒရှိနေတယ်လို့ သိရပေမယ့် စပါးအသင်းဆီ ပြောင်းရွှေ့ဖို့ကိုလည်း စိတ်ဝင်စားနေပါတယ်။ စပါးအသင်းမှာတော့ အရန်ပစ်မှတ်အဖြစ် ဘုန်းမောက်အသင်းရဲ့ အန်ထော်နီ ဆီမန်ညိုကိုလည်း လျာထားပါတယ်။ သောမတ်စ် ဖရန့်ခ်ဟာ ၂၀၁၉ ခုနှစ်က အမ်ဘူမို ဆယ်ကျော်သက်အရွယ်မှာပဲ အင်္ဂလန်ကို ခေါ်ယူခဲ့သူဖြစ်ပြီး ဘရန်ဖို့ဒ်အသင်းကို ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ဆီ ပို့ဆောင်ပေးခဲ့တဲ့ ခရီးတစ်လျှောက်လုံးမှာ ရင်းနှီးတဲ့ ဆက်ဆံရေးကို တည်ဆောက်ထားနိုင်ခဲ့သူတွေ ဖြစ်ပါတယ်။

Exit mobile version